မိုးညှင်း ၆ မေ
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် ယနေ့မွန်းလွဲ ၁ နာရီခန့်တွင် လေပြင်းတိုက်ခတ်သဖြင့် အိမ်အမိုးလန်ပျက်စီးမှုနှင့်အတူ သစ်ပင်လဲကျမှု ဖြစ်ပွားခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် အင်းကုန်းကျေးရွာအုပ်စု ဘုံချောင်းကျေးရွာတွင် နေအိမ်တစ်လုံး အမိုးလန်ပျက်စီးမှုနှင့်အတူ သွပ်(၈)ချပ် ပျက်စီးသွားခဲ့ကြောင်း၊ အလားတူ ဘီးလူးကျေးရွာ ဓမ္မာရုံအနီးရှိ ထနောင်းပင်ပြိုလဲပြီး ၎င်းအနီးတွင် စိုက်ထူထားသည့် လျှပ်စစ်ဓာတ်တိုင်ပေါ်သို့ ပိမိသဖြင့် လျှပ်စစ်မီးတိုင် (၂)တိုင် ကျိုးကျပျက်စီးသွားခဲ့သဖြင့် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လမ်းပိတ်ဆို့မှု မဖြစ်ပွားစေရေး ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်းနှင့် လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးနိုင်ရေးအတွက် မြို့နယ်လျှပ်စစ်ဝန်ထမ်းများက ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဧပြီ ၂၁ ရက်ကလည်း မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ လေပြင်းတိုက်ခတ်သဖြင့် လူနေအိမ်(၁၂၁)လုံးနှင့် ဘာသာရေးအဆောက်အအုံ (၃)လုံး အမိုးလန်ပျက်စီးမှုနှင့်အတူ လျှပ်စစ်မီးတိုင် ၃၀ ကျော် လဲကျပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အလားတူ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ဆင်မကျကျေးရွာအုပ်စု၊ ဆင်မကျကျေးရွာတွင် ယနေ့မွန်းလွဲ ၂ နာရီခွဲခန့်က လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ပြီး လူနေအိမ်နှစ်လုံး အမိုးလန်ပျက်စီးခဲ့ကာ လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။
ကျော်ကျော်ထွေး(ပြန်/ဆက်)
ဇာဇာ(အထက်မင်းလှ)


