ဥဌာန ဝတော သတိမတော၊ သုစိကမ္မဿ နိသမ္မကာရိနော၊ သညတဿ ဓမ္မဇီဝိနော၊ အပ္ပမတ္တဿ ယသော ဘိဝဍ္ဎုတိ။
လုံ့လလည်းရှိ၊ သတိလည်းရှိ၊
အပြစ်ကင်း စင်ကြယ်သော အလုပ်ကိုလည်း ပြုလုပ်တတ်၊
အမှုကိစ္စဟူသမျှကို ပညာဖြင့်ဆင်ခြင်၍ ပြုလုပ်လေ့လည်းရှိ၊
ကိုယ် နှုတ် စိတ် သုံးပါး ဣန္ဒြေကိုလည်း စောင့်စည်းလေ့ရှိ၊
တရားသဖြင့် အသက်မွေးလေ့လည်းရှိ၍
မမေ့မလျော့သောသူမှာ
ကောင်းမွန်အထူး ကျေးဇူးသတင်း ကျော်ဇောခြင်း
အလွန် တိုးပွားလေ၏။
(ဓမ္မပဒ။ အပ္ပမာဒ ဝဂ္ဂ)
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု တစ်ကမ္ဘာလုံးသို့ပျံ့နှံ့ပြီး ကမ္ဘာ့ကပ်ရောဂါအဖြစ်ကြေညာရသည့်အဖြစ်သို့ ရောက်ခဲ့ရသည်။ နိုင်ငံအသီးသီးတွင် များစွာကူးစက်ခဲ့ပြီး ယနေ့အချိန်ထိဆိုလျှင် ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ သုံးသန်း ခုနစ်သိန်း ငါးသောင်းကျော်ရှိပြီး သေဆုံးသူမှာ နှစ်သိန်းငါးသောင်း ကိုးထောင်ကျော်၊ ပြန်လည်ကောင်းမွန်သူ တစ်သန်း နှစ်သိန်း ငါးသောင်းကျော်ထိ ရှိနေပြီ။ ဗိုင်းရပ်စ်ကြောင့် ရောဂါဖြစ်ပွားနေသူ နှစ်သန်း နှစ်သိန်းကျော်ရှိ၏။
မြန်မာနိုင်ငံ၌ ပိုးကူးစက်ခံထားရသည်ဟု အတည်ပြုထားသူ ၁၆၁ ဦးရှိ၏။ သေဆုံးသူ ၆ ဦးရှိ၏။ ရောဂါပိုးရှိထား သည်ဟု သတ်မှတ်ထားပြီး ဆေးရုံတွင်ထားကာ ကုသမှုခံယူ၍ ရောဂါပိုးကင်းစင်လာသူ ၅၀ ဟု သိရသည်။ ယခုရက်ပိုင်းအတွင်း သံသယရှိသူများကို ဆက်လက်စစ်ဆေးနေရာတွင် မေလ ၁ ရက်၊ ၂ ရက်နေ့များတွင် ရောဂါပိုးမတွေ့ရှိ၊ ၃ ရက်နေ့တွင် ပိုးတွေ့သူ ၄ ယောက်၊ ၄ ရက်နေ့ တွင် ၆ ယောက်၊ ၅ ရက်နှင့်၆ ရက်နေ့များတွင် ပိုးတွေ့ရှိမှုလုံးဝမရှိဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်များအရ အတည်ပြု သိရှိရပါသည်။
နိုင်ငံတကာမှ နိုင်ငံကြီးများနှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံ၏ အနေအထားက မဆိုးရွားလှဟု ဆိုနိုင်သော်လည်း စိုးရိမ်ဖွယ်မရှိ၊ ကောင်းနေပြီဟု ယတိပြတ်စိတ်ချရသော အခြေအနေ မဟုတ်သေးပါ။ ကိုဗစ်-၁၉ ရောဂါပိုးက အလွယ် တကူ မမြင်ရအောင် ပုန်းကွယ်နေနိုင် သူ၊ တိတ်တဆိတ်ဝင်လာနိုင်သူ၊ မည်သည့်လက္ခဏာတစ်စုံတစ်ရာမှ မပြဘဲ ဟန်မပျက်ရှိနေနိုင်သူ ဖြစ်၏။ အလွန်အမင်း စိုးရိမ်ပူပန်ရမည် မဟုတ်သော်လည်း ပေါ့ပေါ့ဆဆ နေလို့မဖြစ်။
သတိတရားနှင့် အသိဉာဏ်ပညာရှိဖို့ လိုအပ်ပါသည်။ ဉာဏ်ဖြင့် ကပ်၍ အမြဲစောင့်ကြည့် သတိဖြင့်နေခြင်းက ယနေ့ ကြုံတွေ့ နေရသော ကပ်ရောဂါမျှသာမက သံသရာကိုပါ ကျော်လွန်အောင်မြင်နိုင်မည့် အကျင့်အမူဖြစ်ပါသည်။
လူတစ်ဦးသည် ထကြွလုံ့လလည်းရှိကာ သီလလုံခြုံသူလည်းဖြစ်၍ ဉာဏ်ဖြင့်ယှဉ်ကာ မမေ့မလျော့၊ မပေါ့မဆ၊ သတိဖြင့် နေထိုင်ခြင်းသည် သူတော်ကောင်းတို့၏ အကျင့်ဖြစ်ပါသည်။
ဗုဒ္ဓမြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၄၈-ခု။ ဥတုဂိမန္တ ကဆုန်လပြည့်ည အင်္ဂါနေ့ မိုးသောက်ယံတွင် ပရိနိဗ္ဗာန် ပြုတော်မူ၏။ ပရိနိဗ္ဗာန်မပြုမီ နောက်ဆုံးစကားကို မြွက်ဆိုရာတွင်လည်း မမေ့မလျော့ကြသော သတိဖြင့် နေထိုင်ကြရန်ကို ညွှန်းဆိုဟောပြခဲ့ပေသည်။
ဟန္ဒဒါနိ ဘိက္ခဝေ အာမန္တယာမိ ဝေါ၊
ဝယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ။
ချစ်သားတို့-သင်တို့အား ယခုနောက်ဆုံးစကားမှာကြားပေအံ့။ “ဖြစ်ပေါ်သမျှ သဘာဝတို့သည် ပျက်စီးရသည် ချည်းသာတည်း။ မြဲမြံသောသတိဖြင့်သီလသမာဓိ ပညာတရားတို့ကို ပြည့်စုံတိုးပွားအောင် ကြိုးစားအားထုတ် ရစ်ကြကုန်လော့”ဟူ၏။
မြဲမြံသောသတိဖြင့် မမေ့မလျော့ ရှိကြပါစေ။
အပ္ပမာဒေန သမ္ပာဒေထ။