တွံတေး ၇  မေ

 

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် ကိုယ်ပူဖျားနာ ဆေးကုခန်းကို ယနေ့နံနက်ပိုင်းက တွံတေးမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ယုဇနခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

 

"ရပ်ကွက်ကျေးရွာမှာရှိတဲ့ ပြည်သူတွေ ဖျားနာကြရင်တော်ရုံဆေးခန်းတွေက မကြည့်ချင်ကြတဲ့အတွက် ပြည်သူတွေက အပြင်ဆေးဆိုင်ကနေ စပ်ဆေးတွေ့ဝယ်သောက်ပြီးနေကြတယ်။ ကိုဗစ်-၁၉ ရောဂါသံသယလူနာများအား ဆောလျင်စွာ သိရှိနိူင်ရေး၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများအား စနစ်တကျကုသမှုပေးနိုင်ရေး၊ ရောဂါပြန့်ပွားမှုအားစဆောလျင်စွာထိန်းချုပ်နိုင်ရေးအတွက် FeverClinic ကိုဖွင့်လှစ်ခြင်းဖြစ်ပါတယ်။ ဒီဆေးခန်းမှာ အဓိကဖျားတဲ့သူ၊ ချောင်းဆိုးတဲ့သူ၊ နှာစေးတဲ့သူ၊ လည်ချောင်းနာတဲ့သူ မည်သူမဆိုလာရောက်ပြသလိုရပါတယ်။ ကုသချိန်ကတော့နံနက် ၉ နာရီမှ နေ့လယ် ၁၂နာရီအထိ ဖြစ်ပြီး ကိုဗစ်-၁၉ ကြောင့် အပြင်ဆေးခန်း တော်တော်များများက ပိတ်ထားကြတယ်၊ ပိတ်ထားတဲ့အတွက် အဖျားရှိတဲ့သူတွေ ဖျားနေတဲ့သူတွေ၊ ချောင်းဆိုးတဲ့သူတွေ ဘယ်ကိုသွားပြရမှန်းမသိဖြစ်နေတဲ့အတွက်ကြောင့် ဖျားနာတဲ့သူတွေ့လာပြလိုရအောင်  Fever Clinic ကို ဖွင့်လှစ်ရခြင်းဖြစ်တယ်" ဟု  ဆေးတက္ကသိုလ်(၁)၊ ရန်ကုန် အရေးပေါ် ကုသမှုဆေးပညာဌာန လက်ထောက်ကထိက ဒေါက်တာဖြိုးသီဟက ပြောသည်။

 

အဆိုပါဆေးကုခန်း ဖွင့်ပွဲသို့ တွံတေးမြို့နယ် လွှတ်တော်ကိုယ်စားများ၊ ခုတင်(၅၀)ပြည်သူ့ဆေးရုံမှ မြို့နယ်ကုသရေးဦးစီးဌာနမှူးဒေါက်တာမျိုးဇော်လှ၊ စေတနာ့ဝန်ထမ်းဆရာဝန်များ၊ သူနာပြုများ Volunteer လူငယ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြကြောင်း သိရသည်။ ယင်းFever Clinic ဆေးခန်းကို တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ(၃)ရက်ကို နံနက်၉နာရီမှ နေလယ် ၁၂နာရီအထိ ဖွင့်လှစ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

မျိုးလှိုင် (တွံတေး)