မကွေး ၇ မေ
မကွေးတိုင်းဒေသကြီး၌ မေလ ပထမပတ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၂၀ဝ အမိုးလန်ပျက်စီးခဲ့ပြီး လူနေအိမ်နှင့် ဘာသာရေးအဆောက်အဦ ပျက်စီးမှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်း တိုင်းဒေသကြီး ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနမှ သိရသည်။
မေလ ၁ရက်နေ့မှ ၆ရက်နေ့ မနက်ပိုင်းထိ မြိုင်မြို့နယ်၌ နေအိမ် ၂၈လုံး အမိုးလန်၊ နေအိမ်တစ်လုံးပြိုကျခြင်း၊ ပေါက်မြို့နယ်၌ နေအိမ် ၆ လုံး အမိုးလန်ခြင်း၊ တောင်တွင်းကြီးမြို့နယ်၌ နေအိမ် ၇ လုံး အမိုးလန်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ရသည်။
မေလ ၆ရက်နေ့ မွန်းလွဲပိုင်းက သရက်မြို့နယ်မှ နေအိမ် ၄လုံး၊ ဂန့်ဂေါမြို့နယ် မှ နေအိမ် ၁၉လုံး၊ မကွေးမြို့နယ်မှ နေအိမ် ၆၀လုံး၊ ဆင်ပေါင်ဝဲမြို့နယ်မှ နေအိမ် ၇၆ လုံး အမိုးလန်ပျက်ဆီးခဲ့ပြီး ဆင်ပေါင်ဝဲမြို့နယ်မှ နေအိမ် ၇လုံး၊ ဘာသာရေးဆိုင်ရာ အဆောက်အဦ ၅ လုံး ပြိုကျပျက်စီးမှုများ ဖြစ်ခဲ့ရသည်။
မကွေးမြို့ရှိ လမ်းမကြီးများတွင် သစ်ပင်ကြီးများ လဲကျခြင်း၊ ဆိုင်းဘုတ်များ လဲပြိုပျက်စီးခြင်း၊ လျှပ်စစ်မီးတိုင်များ ကျိုးကျကာ လျှပ်စစ်မီး ပြတ်တောက်ခြင်းများ ဖြစ်ပေါ်ခဲ့ရသည်။
မေလ ၁ရက်နေ့မှ ၆ရက်နေ့ မနက်ပိုင်းထိ ပျက်ဆီးခဲ့ရသော နေအိမ်များမှ ဘေးသင့်ပြည်သူ ၂၆၁ ဦးအတွက် ၇ရက်စာ ဆန်ဖိုး နှင့် အိမ်ဆောက်ပစ္စည်းဖိုး ၃၁ သိန်း ၉သောင်းကျော်ဖိုးကို ထောက်ပံ့ထားပြီးဖြစ်ကာ မေလ ၆ရက်နေ့ မွန်းလွဲပိုင်းက တိုက်ခတ်ခဲ့သော ပျက်စီးမှုများအတွက် ဆက်လက်ထောက်ပံ့ရန် စီစဉ်နေကြောင်း ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးမြင့်စိုး ထံမှ သိရသည်။
ဇေယျတု(မကွေး)


