ကော့သောင်း ၇ မေ
ကော့သောင်းမြို့ ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့မှ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း မြို့နေ မသန်စွမ်းသူများရှိသည့် အိမ်ထောင်စုများသို့ အခြေခံစားကုန်များအား တစ်နိုင်တစ်ပိုင် လိုက်လံထောက်ပံ့လှူဒါန်းလျက်ရှိကြောင်း သိရသည်။
မြို့ခံပရဟိတအဖွဲ့တစ်ခုဖြစ်သည့် ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့ဝင်များသည် မြို့ပေါ်ရပ်ကွက်များနှင့် ဆင်ခြေဖုံးရပ်ကွက်များမှ ရပ်ကွက်နေ အခြေခံလူတန်းစားမိသားစုများ၊ မသန်စွမ်းသူများရှိသည့် မိသားစုများ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှုလုပ်ငန်းများကြောင့် စားဝတ်နေရေး အခက်အခဲ ဖြစ်ပေါ်နေမှုအား တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်ရည်ရွယ်ကာ အခြေခံစားကုန်များများဖြစ်သည့် ဆန်၊ ဆီ အသင့်စား ခေါက်ဆွဲခြောက်ထုတ်များအား မသန်စွမ်းမိသားစု ၃၀ ခန့်ကို မြို့ပေါ်ရပ်ကွက်များအနှံ့ အိမ်တိုင်ရာရောက် စနစ်တကျ လိုက်လံမျှဝေ လှူဒါန်းပေးခဲ့ကြသည်။
ထိုသို့ လှူဒါန်းရာတွင် ရပ်ကွက်နေပြည်သူများအား ကျန်းမာရေးသတိဖြင့် နေထိုင်ကြရေး၊ မလိုအပ်ပါက အိမ်ပြင်သို့မထွက်ကြဘဲ မိမိအိမ်တွင်နေထိုင်ကြရေး၊ အပြင်ထွက်ပါက နှာခေါင်းစည်းများ တပ်ဆင်ကြခြင်းဖြင့် ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများအား ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် လိုက်လံနှိုးဆော် အသိပညာပေးလုပ်ငန်းများ ကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)


