မိတ္ထီလာ  ၇  မေ

 

မိတ္ထီလာဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ၌ အသုံးပြုနိုင်ရန် ရည်ရွယ်ပြီး နည်းပညာတက္ကသိုလ်(မိတ္ထီလာ) အီလက်ထရောနစ်ဌာနမှ ဆရာဆရာများနှင့်ကျောင်းသူ ကျောင်းသားများ ပူးပေါင်းပြီး ဘက်စုံသုံး အဝေးထိန်းရီမုခ်ထရော်လီတစ်ခုကို မေလ ၆ ရက်နေ့ကပြုလုပ် ပြီးစီးခဲ့ကြောင်း သိရသည်။ “မိတ္ထီလာဆေးရုံကြီးမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါ PPE ဝတ်စုံတွေ ချွေတာနိုင်ဖို့၊ ဆေးဝါးနဲ့အစားအသောက်တွေကို လူကိုယ်တိုင်မဟုတ်ဘဲ အဝေးကနေ ကြားခံသယ်ဆောင်တဲ့အရာနဲ့ ပို့ပေးနိုင်ဖို့အတွက် ဒီဘက်စုံသုံး ရီမုခ်ထရော်လီကို ပြုလုပ်ဆောင်ရွက်တာပါ။ အီလက်ထရောနစ်ဌာနက ဆရာဆရာမများနဲ့ ကျောင်းသူကျောင်းသားများ ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး ဒီရီမုခ်ထရော်လီနဲ့ ဆေးဝါး၊ အစားအသောက်စတဲ့ ပစ္စည်းမျိုးစုံကို အလေးချိန်နှစ်ပိဿာခွဲအထိ သယ်ဆောင်နိုင်ပြီး အချိန်ကြာမြင့်စွာ မောင်းနှင်နိုင်ဖို့ ဒရုန်းတွေမှာတပ်ဆင်တဲ့ ဘက်ထရီအမျိုးအစားကို တပ်ဆင်ထားတာကြောင့် တစ်ခါအသုံးပြုရင် ကြာမြင့်ချိန် ၁၀ နာရီအထိ အသုံးပြုနိုင်ပါတယ်။ အဝေးဆုံး အကွာအဝေး မီတာ ၁၀ဝ အထိ ရီမုခ်နဲ့ အဝေးက ထိန်းချုပ်မောင်းနှင် အသုံးပြုနိုင်ပါတယ် “ဟု နည်းပညာ တက္ကသိုလ် (မိတ္ထီလာ) အီလက်ထရောနစ်ဌာနမှ နောက်ဆုံးနှစ်ကျောင်းသား ကိုအောင်ရဲသွေးက ပြောသည်။

 

အဆိုပါ ဘက်စုံးသုံးရီမုခ်ထရော်လီကို ခြောက်ရက်ကြာပြုလုပ်ခဲ့ရပြီး တပ်ဆင်အသုံးပြုထားသည့် ပစ္စည်းများအားလုံး၏တန်ဖိုးငွေနှစ်သိန်းငါးသောင်းကျပ်ခန့် ကုန်ကျခဲ့ကာ မိတ္ထီလာဆေးရုံကြီးမှ တာဝန်ရှိသူများထံသို့  ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

ချမ်းသာ (မိတ္ထီလာ)