မန္တလေး ၇ မေ
ခေတ္တပိတ်ထားသည့် စက်ရုံ၊ အလုပ်ဌာနများမှ လူမှုဖူလုံရေး အာမခံအလုပ်သမားများအတွက် လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့်များ ခံစားခွင့်ပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ သိရသည်။
"ညွှန်ကြားချက်အရ ဧပြီ ၂၃ ရက်နေ ၃၀ ရက်နေ့အထိ အစစ်ဆေးခံရန် ခေတ္တပိတ်ထားတဲ့ စက်ရုံ အလုပ်ရုံက အာမခံအလုပ်သမားတွေကို ထောက်ပံ့ကူညီမှုဆိုပြီး အကျိုးခံစားခွင့်တွေ ပေးဖို့ရှိပါတယ်။ ဧပြီလ ၂၀ ရက်နေ့ ကစပြီး စက်ရုံပြန်ဖွင့်ခွင့်ရတဲ့ရက်အထိ ပေးမှာပါ။ နောက်တစ်ခုက အလုပ်ရှင်ကြောင့် အလုပ်လက်မဲ့ ဖြစ်သွားတဲ့ အာမခံအလုပ်သမားများအတွက် အများဆုံး ၂၆ ပတ်ထိ အကျိုးခံစားခွင့်တွေ ပေးပါတယ်။ အလုပ်လက်မဲ့ ဖြစ်တဲ့နေ့ကနေ ၆ လအတွင်း ပေးမှာပါ။ ဒါကလည်း ဝန်ကြီးဌာနရဲ့ အမိန့်ကြော်ငြာစာအမှတ် ၆၄/၂၀၂၀ အရပေးမှာပါ။ အလုပ်လက်မဲ့ဖြစ်တဲ့နေ့ကနေ တစ်နှစ်အတွင်း ပေးသွားမှာပါ။ ဒါတွေကတော့ ကိုဗစ်ကာလ အတွင်းမှာ လူမှုဖူလုံရေးကပေးမယ့် အကျိုးခံစားခွင့်တွေပါ။ " ဟု မန္တလေးတိုင်းဒေသကြီး လူမှုဖူလုံရေး ရုံးက တိုင်းတာဝန်ခံ အရာရှိ ဒေါ်နှင်းနှင်းက ပြောသည်။
ကိုဗစ်-၁၉ ကာလအတွင်း လူမှုဖူလုံရေး အာမခံလုပ်သားများ အကျိုးခံစားခွင့်များအနေဖြင့် Quarantine ဝင်ရ မည့် အာမခံအလုပ်သမားများအတွက် ၂၈ ရက် ခံစားခွင့်ပေးမှာ ဖြစ်ပြီး နေထိုင်မကောင်းသော အာမခံ အလုပ်သမားအတွက် အများဆုံး ၂၆ ပတ်ထိ ပေးမည်ဖြစ်ကြောင်း၊ လက်ရှိ ကိုယ်ဝန်ဆောင်နေသော အာမခံ အလုပ်သမားများအတွက် ရက်သတ္တပတ် ၈ ပတ်မှ အများဆုံး ၂၆ ပတ်ထိ ပေးသွားမှာဖြစ်ကြောင်းနှင့် လူမှုဖူလုံရေးမှပေးသော အကျိုးခံစားခွင့်များကို လူမှုဖူလုံရေး ထည့်ဝင်ခွင့်ကာလ သတ်မှတ်ချက်များပြည့်မီမှ ရမည်ဖြစ်ကြောင်း သိရသည်။
"အလုပ်သမားအားလုံးက လူမှုဖူလုံရေးက ထောက်ပံကြေးရတော့မှာဘဲလို့ ထင်နေတဲ့ကိစ္စက အားလုံးနဲ့ မဆိုင်ဘူး။ လူမှုဖူလုံရေးမှာ အကျုံးဝင်မှတ်ပုံတင်ထားတဲ့ အလုပ်ဌာနနဲ့ အလုပ်သမားတွေသာ သက်ဆိုင်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် လူမှုဖူလုံရေး ထည့်ဝင်ကြေးစာရင်းမှာမပါလည်း လူမှုဖူလုံရေးမှာ အကျုံးဝင်တဲ့ဌာနမှာ လုပ်နေတယ်ဆိုရင် ရခွင့်ရှိတယ်။ အလုပ်ရှင်ကို ဥပဒေပုဒ်မ ၆၉အရ အလုပ်ရှင်သည် အလုပ်သမား သူ့ရဲ့အလုပ်မှာ စလုပ်ကတည်းက လူမှုဖူလုံရေးကို ပေးသွင်းဖို့ ထည့်ဝင်ကြေးတွေ ပျက်ကွက်ခဲ့တယ်။ ပျက်ကွက်ခဲ့တယ်ဆိုရင် ပျက်ကွက်တဲ့ထည့်ဝင်ကြေးတွေကို ပျက်ကွက်ကြေး ကောက်တယ်။ ပျက်ကွက်ကြေး အပါအဝင် သူသွင်းရမယ့် ထည့်ဝင်ကြေးတွေ စုစုပေါင်း ပြီးရင် တကယ်သူရ သင့်တဲ့ လူမှုဖူလုံရေးကပေးမယ့် အကျိုးခံစားခွင့်ကို တွက်ချက်ပြီး အဲဒါတွေ ၂ ခုလုံးကို အလုပ်ရှင်က ကျခံရမယ်။ အလုပ်သမားကတော့ ရခွင့်ရှိတယ်။ လူမှုဖူလုံရေးက ပေးလိုက်မယ်။ ခုနက ပြောခဲ့သလို အလုပ်ရှင်က ပြန်ပြီးသွင်းရမယ်။" ဟု ၎င်းက ဆက်လက်ပြောသည်။
ဧပြီလ ၃၀ရက်နေ့အထိ လူမှုဖူလုံရေးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာန စုစုပေါင်း ၇၈၉၄ ဌာနရှိပြီး လူမှုဖူလုံရေးမှ အာမခံအလုပ်သမား စုစုပေါင်း ၁၂၇၃၄၁ဦးရှိကြောင်းနှင့် လူမှုဖူလုံရေးတွင် ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်အတွက် အလုပ်ရှင်က အလုပ်သမား လုပ်ခလစာ၏ ၂ရာခိုင်နှုန်း အလုပ်သမားမှ လုပ်ခလစာ၏ ၂ရာခိုင်နှုန်း ထည့်ဝင်ကြေးသွင်းရမည့်အပြင် အလုပ်ရှင်က လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရရှိမှုအတွက် အလုပ်သမား လုပ်ခလစာ၏ ၁ရာခိုင်နှုန်းသွင်းရမည်ဖြစ်ကာ စုစုပေါင်း အလုပ်ရှင် ထည့်ဝင်ကြေးသည် အလုပ်သမား လုပ်ခလစာ၏ ၃ရာခိုင်နှုန်းသွင်းရမှာ ဖြစ်ပြီး အလုပ်သမား၏ ထည့်ဝင်ကြေးသည် လုပ်ခလစာ၏ ၂ရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
ထိပ်ထားနိုင်


