ကျောက်ပန်းတောင်း   ၇   မေ

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားဒေသထွက် စိန်တလုံးသရက်များ လှိုင်လှိုင်ထွက်ရှိချိန် ဈေးနှုန်းကျဆင်းနေခြင်းကြောင့် စိန်တလုံးသရက် စိုက်ခြံပိုင်ရှင်များ တွက်ခြေမကိုက်ဖြစ်နေကြောင်း ဆင်ဆင်းကျေးရွာ စိန်တလုံးသရက်ခြံပိုင်ရှင် ဦးအောင်ဝင်းကပြောကြားသည်။

 

ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်မကြီး ပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် အင်းချောင်းကျေးရွာ၊ ဆည်ပေါက်ကျေးရွာ၊ ညောင်ကန်ကျေးရွာ၊ ပုပ္ပားကျေးရွာ၊ ပုပ္ပားလွင်၊ ဆုံကုန်းကျေးရွာ၊ ဆင်ဆင်းကျေးရွာ၊ နဂါးလည်ကျေးရွာ၊ လျော်တောကျေးရွာ၊ ဆည်ကျေးရွား၊ စီးမကျေးရွာ၊ လဲဂွကျေးရွာတို့တွင် စိန်တစ်လုံးသရက်အား စီးပွားဖြစ်စိုက်ပျိုးကြသည့် ကျေးရွာများဖြစ်ကြကာ ယခုနှစ် စိန်တစ်လုံးသရက်အသီးများကြောင်း သိရပြီး စိန်တလုံးသရက်သီးမှည့်ချိန် အောက်ဈေးဖြင့်ရောင်းချနေရကြောင်းသိရသည်။ ယခင်နှစ်များက စိန်တစ်လုံးသရက် ပွင့်ပြီးချိန်မှ အသီးကင်းစတင်သီးချိန်တို့တွင် စိန်တစ်လုံးသရက်ပွဲစားများ ရွာအထိဆင်းကာ ခြံပြတ်ဈေးဖြတ်ပြီး လာရောက်ဝယ်ယူမှုများရှိခဲ့ကြသော်လည်း ယခုနှစ် ကိုဗစ်-၁၉ ကူးစက် ရောဂါဖြင့်ကြုံတွေ့သည့်နှစ်ဖြစ်ခဲ့ရာ စိန်တစ်လုံးသရက်ပွဲစားများ လာရောက်ဝယ်ယူမှု မရှိခြင်းကြောင့် စိန်တစ်လုံးသရက် ဈေးကွက်အရှုံးနှင့်ရင်ဆိုင်နေရကြောင်း နဂါးလည်ကျေးရွာ စိန်တစ်လုံးစိုက်တောင်သူ ဒေါ်စန်းစန်းမြင့်ကပြောကြား၍ သိရသည်။ စိန်တစ်လုံးသရက်ပေါ်ချိန် တစ်မြို့နှင့်တစ်မြို့ ဆက်သွယ်သွားရောက်သည့် မော်တော်ကားအခက်အခဲနှင့်ပွဲစားများ လာရောက်ဝယ်ယူမှု မရှိသလောက်ဖြစ်နေပြီး ကုန်စည်စီးဆင်းမှုပြတ်တောက်သည့် အခြေအနေများက စိန်တစ်လုံးသရက်ခြံစိုက်တောင်သူများကို အထိနာစေကြောင်း၊ ပုပ္ပားတောင် ပတ်ဝန်းကျင်ဒေသတွင် သရက်အမျိုးမျိုးရှိကြသော်လည်း စိန်တစ်လုံးသရက်တစ်မျိုးထဲသာ ခြံဖြင့်စိုက်ပျိုးကြခြင်းဖြစ်ကြောင်း စိန်တစ်လုံးသရက်ခြံများ မသီးသည့်နှစ်တွင် တစ်နှစ်ဆုံးရှုံးသလို သီးသည့်နှစ်တွင်လည်း ဈေးကွက်ပျက်ပါက အရှုံးနှင့်ရင်ဆိုင်ရကြောင်း ဦးအောင်ဝင်းက ရှင်းပြသည်။

 

ပုပ္ပားဒေသထွက်စိန်တစ်လုံးသရက်များသည် အရည်အသွေးကောင်းမွန်ခြင်းကြောင့် နှစ်တိုင်း ဈေးကွက်အသာစီးဖြင့် ရောင်းချခဲ့ရသော်လည်း ယခုနှစ် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် စိန်တလုံးသရက်ခြံပိုင်ရှင်များ အထိနာသည့်နှစ်တစ်နှစ်ဖြစ်ကာ စိန်တလုံးသရက် ဆယ်လုံးဈေး သုံးထောင်ကျပ်အများဆုံးဖြစ်နေပြီး ဆယ်လုံးဈေး နှစ်ထောင်ကျပ်ထိဖြစ်နေကြောင်း၊ သတင်းစာစက္ကူပတ်သည့်ခြံများသည် ဆယ်လုံးဈေးသုံးထောင်ကျပ်ရရှိနိုင်ကာ စက္ကူမပတ်သည့် ခြံပိုင်ရှင်များ ဆယ်လုံးဈေး နှစ်ထောင်ကျပ်မှ တစ်ထောင့်ငါးရာကျပ်ထိ ဈေးနှုန်းကျဆင်းနေကြောင်း သိရသည်။

 

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း

 

mdn