အောင်လံ  ၇  မေ

 

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ် မိုးကောင်း၊ ဂွေးကုန်းကျေးရွာနှစ်ရွာရှိ ကျေးလက်နေတောင်သူများ၏ ယာမြေ ဧက ၅၀ဝကျော်မှ ဒေသထွက်ကုန်များဈေးကွက်သို့ အချိန်မီ ရောက်ရှိစေရေး ရည်ရွယ်ဖောက်လုပ်ခဲ့သည့် မိုးကောင်း- ဂွေးကုန်းကျေးလက် ကုန်ထုတ်လမ်းနှင့် ယင်းကုန်ထုတ်လမ်းပေါ်ရှိ တံတားတစ်စင်းတည်ဆောက်မှုမှာရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း မြိုနယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

အဆိုပါ မိုးကောင်း - ဂွေးကုန်း ကျေးလက်  ကုန်ထုတ်လမ်းမှာ လမ်းအရှည် တစ်မိုင် အကျယ် ၁၂ပေ ထု ကျောက်ရောမြေ တစ်ပေ နှင့် ၉လက်မမြေနီကျောက်စရစ်လမ်းခင်းခြင်း နှင့် ယင်းကုန်ထုတ်လမ်းပေါ်ရှိ အရှည် ပေ ၂၀ အကျယ် ၅ပေ အမြင့် ၆ပေရှိ Box Culvert တံတားတစ်စင်းတို့ကို အောင်လံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၉ - ၂၀၂၀ခုဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေ ကျပ်  ၃၂ သန်းဖြင့် တင်ဒါအောင်မြင်သော ဟိန်းလျှံစိုးကုမ္ပဏီမှ ဆောင်ရွက်ခဲ့ရာ ယခုအခါရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ကြောင်း အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကြီး ကပြောပြသည်။

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်ဒေသရှိလယ်ယာစိုက်ပျိုးရေး ထုတ်ကုန်များ ဈေးကွက်သို့ ဈေးနှုန်းသက်သာစွာဖြင့် လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်ရန် ရည်ရွယ်၍ ကျေးလက်ကုန်ထုတ်လမ်းများကို  တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဖောက်လုပ်ပေးလျက်ရှိကြောင်း၊ ယခု မိုးကောင်း-ဂွေးကုန်း ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးသွားပြီဖြစ်၍ ယာမြေ ဧက၅၀ဝကျော်မှ ဒေသထွက်ကုန်များ ဈေးကွက်သို့ အချိန်မီရောက်ရှိတော့မည် ဖြစ်ကြောင်း အောင်လံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကြီးက ဆက်လက်ပြောပြသည်။

 

ငြိမ်းသူ(စလင်း)

 

mdn