ချောင်းဆုံ ၇ မေ

 

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကွမ်သဲကျေးရွာတွင် ရွာလုံးနီးပါး အိမ်မိုးဓနိဖက်လုပ်ငန်းကို စီးပွားဖြစ်တွင်တွင်ကျယ်ကျယ် လုပ်ကိုင်ခဲ့ကြပြီး ယခုနှစ်တွင် ရန်ကုန်၊ မော်လမြိုင်၊ မုဒုံ၊ နှင့်အခြား နယ်ဘက်မှ ဓနိဖက်များ အဝယ်လိုက်လာသဖြင့် ဖက်ခြံပိုင်ရှင်နှင့် ဖက်ထိုးသမားအတွက် အလုပ်အကိုင်များ ယခင်နှစ်ထက် ပိုမိုအဆင်ပြေလာကြကြောင်း ဒေသခံများကသိရသည်။

 

“ဖက်ထိုးတာကတော့ တစ်နှစ်ပတ်လည်လုံး အလုပ်မပျက်ဘူးဘဲပြောရမှာပါ။ ဓနိခြံပိုင်ရှင်တွေကတော့ ဖက်ပေါတွေကို ဖက်ခြံကနေ ခုတ်လာပြီးတော့ ရွာမှာ အငှားထိုးကြတာများပါတယ်။ ဖက်တန်ရှည် တစ်ဗျစ်(ဖက်တစ်ရွက်) ထိုးလျှင် ၁၀ ကျပ် ဖက်တံတို တစ်ဗျစ်(ဖက်တစ်ရွက်)ထိုးလျှင် ၇ ကျပ်ရတယ်။ တစ်နေ့ကို ဖက် (၁၀ဝ)ထိုးလို့ရှိရင်တော့ (၁၀ဝ၀)ကျပ်ရတယ် အနည်းဆုံးတော့ တစ်နေ့ကို ဖက်တံ(၅၀ဝ) လောက်ကျရင် တစ်နေ့(၅၀ဝ၀)ကျပ်တော့ရပါတယ်”ဟု ဓနိဖက် ရာကျထိုးသူ မကျင်ထွေးက ပြောသည်။

 

ဓနိဖက်ထိုးခြင်းကို ကွမ်သဲရွာအတွင်းအမျိုးသမီးအများစုက အပိုဝင်ငွေရရှိရန် ဖက်ပေါ(ဖက်ကြမ်း)များကို အငှားထိုးခြင်းများ၊ ဖက်ခြံပိုင်ရှင်များထံမှ ဖက်ပေါများဝယ်ကာ ဖက်ထိုးခြင်းများရှိပြီး ဖက်ခြံ ပိုင်ရှင်များကလည်း ဖက်ထိုးသူများအား စရံငွေကြိုထုတ်ပေးသည့် အခါမျိုးလည်းရှိကြောင်း သိရသည်။

 

“ဖက်ခြံပိုင်ရှင်တွေအနေနဲ့ကတော့ အလုပ်သမားခတွေနုတ်လိုက်ရင်တော့ သုံးပုံတစ်ပုံလောက် ကိုယ့်တွက်ကျန်ပါတယ်၊ ခုက တပေါင်း၊ တန်ခူး၊ ကဆုန်လတွေများဆိုရင် ဖက်အဝယ်လိုက်တာများတော့ ဖက်ထိုးသမားတွေအတွက်လည်းပိုပြီးအလုပ်လုပ်ရတာများတယ်လေ။ တစ်နှစ်ပတ်လုံးကတော့ တန်ဆောင်မုန်းလ ကနေပြီးဖက်တွေစခုတ်ရတယ် ယခုမိုးတွင်းအထိ အလုပ်ကမပျက်ပါဘူး။ ဖက်က(၁၀)ဗျစ် တစ်စီးကို ဖက်တံတိုက ၅၀ဝ ကျပ် ဖက်တံရှည်က ၇၀ဝ ကျပ်လောက်ရပါတယ် နောက်ပြီး ရန်ကုန်နှင့် အခြားနယ်ဘက်ကပါ လာဝယ်တော့ မိုးဦးကျအချိန်တွေမှာတော့  ဈေးကောင်းတယ်လို့ပြောရမှာပေါ့”ဟု ဖက်ခြံပိုင်ရှင် ဒေါ်အုန်းမြက ပြောသည်။

 

ဓနိဖက်လုပ်ငန်းများလုပ်ကိုင်ရာတွင် ယခင်က ရေလမ်းများဖြင့်သာ ကုန်သွယ်နေရသည့်အတွက် အလုပ်သမားခများ ပိုမိုကုန်ကျနေရပြီး ယခုအခါ ကုန်းလမ်းဖြင့် ရန်ကုန်၊ မော်လမြိုင်၊ မုဒုံနှင့် အခြားနယ်ဘက်ကပါ အဓိက လာရောက်ဝယ်ယူ နေကြသည့်အတွက် ဓနိဖက်ခြံလုပ်ငန်းရှင်များနှင့် အလုပ်သမားများ ဓနိဖက်လုပ်ငန်းကို တွင်တွင်ကျယ်ကျယ်လုပ်ကိုင်နေရကြောင်း သိရှိရသည်။

 

ထူးအိမ်(ပြန်/ဆက်)

 

mdn