ပြည်ကြီးတံခွန် ၇  မေ

 

 

ပြည်ကြီးတံခွန်မြို့နယ်တွင် ယခုနှစ်မှ စတင်ကာ ရပ်ကွက် (၂) ရပ်ကွက်တိုးလာသဖြင့် ရပ်ကွက်ပေါင်း (၁၈) ရပ်ကွက်ဖြစ်လာကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလရော် ထံမှ သိရသည်။

           

“ ပြည်ကြီးတံခွန်မြို့နယ်မှာ မူလက (၁၆) ရပ်ကွက်ရှိပါတယ်။ ယခုနှစ်မှာ (၂) ရပ်ကွက် တိုးလာတဲ့ အတွက်ကြောင့် စုစုပေါင်း (၁၈) ရပ်ကွက်ဖြစ်သွားတာပါ။ တိုးလာတဲ့ ရပ်ကွက်နှစ်ရပ်ကွက် က (ည) ရပ်ကွက်နှင့် (ဋ) ရပ်ကွက်ပါ၊ (ည) ရပ်ကွက်မှာ စက်မှုဇုံ (၂) နယ်မြေအချို့နှင့် အမပူရနယ်မြေအချို့ ပူးပေါင်း ဖော်ဆောင်ထားခြင်းဖြစ်ပြီး (ဋ) ရပ်ကွက်ကတော့ အများသိတဲ့ ကံကြီးကုန်း ဇီးအုပ်နယ်မြေပါ။” ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလရော် က ပြောကြားသည်။

           

ပြည်ကြီးတံခွန်မြို့နယ်တွင် မူလက (က) ရပ်ကွက်၊ (ခ) ရပ်ကွက်၊ (ဂ) ရပ်ကွက်၊ (ဃ) ရပ်ကွက်၊ (င) ရပ်ကွက်၊ (စ) ရပ်ကွက်၊ (ဆ) ရပ်ကွက်၊ (ဇ) ရပ်ကွက်၊ (ဈ) ရပ်ကွက်၊ ချမ်းမြသာယာရပ်ကွက်၊ ထိန်ကုန်း ရပ်ကွက်၊ ငွေတော်ကြည်ကုန်းရပ်ကွက်၊ သင်ပန်းကုန်းရပ်ကွက်၊ တံခွန်တိုင်ရပ်ကွက်၊ တောင်မြင့် ရပ်ကွက်နှင့် ယာတော်ရပ်ကွက် အစရှိသော ရပ်ကွက် (၁၆) ရပ်ကွက်သာရှိပြီး ယခုအခါ (ည) ရပ်ကွက်နှင့် (ဋ) ရပ်ကွက် တိုးလာခြင်းကြောင့် စုစုပေါင်း (၁၈) ရပ်ကွက်ရှိလာကြောင်း သိရသည်။

           

လက်ရှိ ပြည်ကြီးတံခွန်မြို့နယ်တွင် ရပ်ကွက် (၁၈) ရပ်ကွက်၊ အိမ်ခြေ (၃၀၀၂၇) အိမ်၊ အိမ်ထောင်စု (၃၆၀၇၁) စု ရှိကာ အမျိုးသား (၈၇၁၂၈)ဦး နှင့် အမျိုးသမီး (၉၃၄၅၄) ဦး စုစုပေါင်း လူဦးရေ (၁၈၀၅၈၂) ဦး ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ စာရင်းများ အရ သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)