မန္တလေး ၇ မေ
သင်္ကြန်မတိုင်ခင်ကာလက အရောင်းအဝယ်အေးစက်နေသည့် မြန်မာ့ပဲယင်းသီးနှံများ ယခုရက်ပိုင်းတွင် တရုတ်နိုင်ငံ၏ ဝယ်လိုအားကြောင့် မန္တလေးအွန်လိုင်းဈေးကွက်၌ အရောင်းအဝယ်များ ပြန်လည်သွက်လက် လာကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရသည်။
အဆိုပါပဲယင်းမှာ သင်္ကြန်မတိုင်ခင်ကာလက အရောင်းအဝယ်အေးစက်ကာ ဈေးနှုန်းများ ကျဆင်းနေခဲ့သော်လည်း လက်ရှိကာလ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် မန္တလေးကုန်စည်ဒိုင် ယာယီပိတ်ထားသည့် အချိန်၌ပင် Viber Group ဖြင့် ချိတ်ဆက်ကာ တရုတ်နိုင်ငံ၏ ဝယ်ယူမှုများကြောင့် မန္တလေးအွန်လိုင်းပဲဈေးကွက်တွင် အရောင်းအဝယ်သွက်ကာ ဈေးနှုန်းများလည်း မြှင့်တက်လာကြောင်း မန္တလေးမြို့မှ ဦးစိုးဝင်းမြင့် (စိုးဝင်းမြင့်ပွဲရုံ) က ပြောသည်။
“ဒီပဲယင်းက ပြည်တွင်းမှာ စားသုံးမှုနည်းပါးတဲ့အတွက် ပြည်ပပို့ကုန်အဖြစ်ပဲ အဓိက စိုက်ပျိုးကြတယ်။ ဒီရက်ပိုင်းမှာ မန္တလေးအွန်လိုင်းဈေးကွက်နဲ့ ပဲယင်းတွေ အရောင်းအဝယ်ဖြစ်နေတယ်ဆိုတာ ကြားတဲ့အတွက် ဒေသစုံက ပဲတွေ မန္တလေးပွဲရုံတွေကို ဝင်လာနေကြသလို ဝင်သမျှလည်း သိမ်းကြုံဝယ်ယူနေကြတယ်။ အခုလို ကုန်စည်ဒိုင်ပိတ်ထားလို့ အွန်လိုင်းဈေးကွက်နဲ့ အဆင်ပြေအောင် ကြိုးစားရုန်းကန်နေရတယ်ဆိုပေမယ့် မျက်နှာချင်းဆိုင်တွေ့ဆုံပြီး အရောင်းအဝယ် လုပ်ရတာနဲ့စာရင် ကျေနပ်အားရမှုတော့ မရှိဘူးပေါ့။ ဒါကြောင့် ကုန်သည်နဲ့ တောင်သူတွေ အားလုံးက ကုန်စည်ဒိုင်အမြန်ဆုံးပြန်ဖွင့်ဖို့ မျှော်လင့်နေကြတယ်”ဟု ၎င်းက ပြောသည်။
လက်ရှိအခြေအနေတွင် မန္တလေးအွန်လိုင်းပဲဈေးကွက်၌ ပဲယင်း(အသေး) သုံးတင်းဝင် တစ်အိတ်လျှင် ငါးသောင်း သုံးထောင် ကျပ်ဖြင့်လည်းကောင်း၊ ပဲယင်း(အကြီး) သုံးတင်းဝင်တစ်အိတ်လျှင် ငါးသောင်းခုနစ်ထောင် ကျပ် နှုန်းဖြင့်လည်းကောင်း ပေါက်ဈေးရှိနေပြီး ယခင်သင်္ကြန်မတိုင်ခင် ပေါက်ဈေးထက် ငွေကျပ် ၄၀၀၀ ကျပ်နှုန်းခန့် ဈေးပိုမိုရရှိနေကြောင်း၊ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက အဆိုပါ ပဲယင်းမှာ တရုတ်ဝယ်လိုအားကြောင့် သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ခုနစ်သောင်းနှစ်ထောင်နှုန်းအထိ ဈေးမြှင့်တက်ခဲ့ကြောင်း၊ လက်ရှိအခြေအနေတွင် မန္တလေး အွန်လိုင်းဈေးကွက်၌ တရုတ်ဝယ်လိုအားကြောင့် ပဲယင်းနှင့်အတူ ပဲတီစိမ်း၊ ထောပတ်ပဲနှင့် မြေပဲလုံးဆံများလည်း အရောင်းသွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ပဲယင်းကို ထီးချိုင့်၊ ကသာ၊ မတ္တရာ၊ စဉ့်ကူးဒေသများနှင့် မြင်းခြံ၊ ပခုက္ကူ၊ ညောင်ဦးမြို့နယ်များတွင် ဧရာဝတီမြစ်ရိုး တစ်လျှောက် မြစ်ရေကျချိန်၌ ဆောင်းသီးနှံအဖြစ် တစ်နှစ်လျှင်တစ်ရာသီသာ စိုက်ပျိုးထွက်ရှိကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


