မူဆယ် ၇ မေ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ နှစ်နိုင်ငံ ဝင်/ထွက်ဂိတ်(နန်းတော်ဂိတ်)၌ တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့မှ ရောက်ရှိလာသော မြန်မာနိုင်ငံသား (၂၄၁)ဦးကို ယနေ့ နံနက် ၉ နာရီတွင် ရွှေလီမြို့၊ ပြည်သူ့ရဲဌာနမှ ပြည်ဝင်/ပြည်ထွက် စစ်ဆေးရေးအရာရှိ မစ္စတာအာဝေနှင့် တာဝန်ရှိသူများက လွှဲပြောင်းအပ်နှံရာ မူဆယ်မြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စိစစ်လက်ခံခဲ့ ကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံသား (၂၄၁)ဦးသည် ဝူဟန်မြို့၌ ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားပြီးနောက် ဖမ်းဆီးထိန်းသိမ်း ခံရခြင်းဖြစ်ကာ ၎င်းတို့ကို ကျန်းမာရေးစစ်ဆေးမှုများ စနစ်တကျဆောင်ရွက်နေသည်ဟု မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသူရိန်က ပြောသည်။
“ဒီနေ့ မူဆယ်ကို ဝူဟန်မြို့ကနေရောက်ရှိလာတဲ့ ကျနော်တို့ နိုင်ငံသား(၂၄၁)ဦးက ဝူဟန်မှာ ဖမ်းဆီးထိန်းသိမ်းခြင်း ခံရတဲ့သူတွေ ဖြစ်တယ်၊ သူတို့ကို မြန်မာ-တရုတ် နှစ်နိုင်ငံသံရုံးကနေ ချိတ်ဆက်ပြီး လွှဲပြောင်းခဲ့တာ ဖြစ်တယ်၊ ကျန်းမာရေးဌာနရဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ ကျန်းမာရေးစစ်ဆေးတာတွေ ပြုလုပ်ပြီး သတ်မှတ်ထားတဲ့ Quarantine နေရာတွေမှာနေဖို့ စနစ်တကျ စီစဉ်ဆောင်ရွက်ထားပါတယ်၊ နေရာထိုင်ခင်း အစားအသောက်တွေကို ဌာနဆိုင်ရာတွေ၊ မြို့ခံအလှူရှင်တွေနဲ့ ပရဟိတအသင်းအဖွဲ့တွေက တာဝန်ယူဆောင်ရွက်ပေးနေပါတယ်”ဟု ဦးသူရိန်က ပြောသည်။
အဆိုပါ မြန်မာနိုင်ငံသား(၂၄၁)ဦးတို့သည် ဝူဟန်မြို့သို့ သွားရောက်အလုပ်လုပ်ကိုင်သူများဖြစ်ကာ တရားဝင် နေထိုင်ခွင့်လက်မှတ် မရှိသူများ၊ နယ်မြေကျော်လွန်သူများနှင့် တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်သူများဖြစ်ကြောင်း သိရသည်။
မိုင်းဘဉာဏ်(ကွတ်ခိုင်)


