မုံရွာ ၇ မေ
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် ပိတ်ထားရသည့် စက်ရုံ၊ အလုပ်ရုံများရှိရာ ဧပြီ ၂၇ ရက်နေ့မှ မေ ၇ ရက်နေ့အထိ စက်ရုံ ၁၇၁ ရုံ၊ အလုပ်ရုံ ၁၀ ရုံ၊ အလုပ်ဌာန ၄ ခု စုစုပေါင်း ၁၈၅ ခုကို ပြန်လည်ဖွင့်လှစ်ခွင့် ပြုလိုက်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဌာန ဝန်ကြီး ဦးမိုးကျော်သူ ပြော ကြားသည်။
အဆိုပါ စက်ရုံ၊ အလုပ်ရုံများကို ဧပြီ ၂၀ ရက်မှ စတင်ပြီး စစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ်ချက်များအတိုင်း စက်ရုံအတွင်း အလုပ်ဆင်းပါက တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာတွင် အလုပ်လုပ်ရန်၊ လက်ဆေးကန်နှင့် ဆပ်ပြာများ ပြည့်စုံအောင် ထားရှိရန်နှင့် အလုပ်သမားများ နှာခေါင်းစည်းတပ်၍ အလုပ်လုပ်ရန် စသည့်အချက်များနှင့် ပြည့်စုံမှုရှိသည့် စားသောက်ကုန် လုပ်ငန်းများ၊ လူသုံး ကုန်ပစ္စည်းများနှင့် အခြားစက်ရုံများ စုစုပေါင်း ၁၈၅ ရုံကို ပြန်လည် ဖွင့်လှစ်ခွင့်ပြုခဲ့ကြောင်း ၎င်းက ဆက်လက်ပြော ကြားသည်။
ဖွင့်လှစ်ခွင့်ရရှိသည့် စက်ရုံ၊ အလုပ်ရုံများကိုလည်း မကြာခဏ စစ်ဆေးမည်ဖြစ်ပါကြောင်း၊ ကျန်ရှိသည့် စက်ရုံ၊ အလုပ်ရုံများကို မေလ ၁၅ ရက်အထိ စစ်ဆေးပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်နှင့်ကိုက်ညီပါက ဆက်လက် ဖွင့်လှစ်ခွင့်ပြုမည်ဖြစ် ကြောင်း ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားသည့် စက်ရုံများမှာ စစ်ကိုင်း၊ ရွှေဘို၊ ဆာလင်းကြီး၊ မုံရွာ၊ ကလေး၊ ကန့်ဘလူ၊ ရေဦး၊ တန့်ဆည်၊ ဝက်လက်၊ ဟုမ္မလင်း၊ ထီးချိုင့်၊ ဒီပဲယင်းစသည့် မြို့နယ်များရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများဖြစ်ကြသည်။
သတင်း - မွှေးကြူဇင်၊ ဓာတ်ပုံ - ဝင်းလဲ့လဲ့ထွေး


