ရန်ကုန်    ၇  မေ

 

ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ် လှိုင်မြစ်လမ်းပေါ်ရှိ အင်းစိန်မြို့မဈေးနှင့် လဟာပြင်ဈေးတွင် ယနေ့ မွန်းလွဲ ၁ နာရီက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့မဈေးနှင့် လဟာပြင်ဈေးတွင် ဈေးရောင်းသူ ပြည်သူများအား လက်ကမ်းစာစောင် ဖြန့်ဝေခြင်း၊ handspeaker ဖြင့် အသိပညာပေး ကြေငြာခြင်းတို့ကို ခရိုင်/မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် စည်ပင်အင်းစိန်ဈေးတာဝန်ခံ ဦးခင်ဇော်နှင့် အဖွဲ့တို့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

သွေးလွန်တုပ်ကွေးရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွား၍ ခြင်ကျားကိုက်ခြင်းဖြင့် ကူးစက်သည်။ ခြင်ကျားသည်နေ့အချိန်တွင် ပိုကိုက်သည်။ အသက် ၁၅ နှစ်အောက် ကလေးများတွင် အဖြစ်များသည် မြန်မာနိုင်ငံတွင် ၅ နှစ်၊ ၉ နှစ် အရွယ်တွင် အများဆုံး ဖြစ်တတ်သည်။ လူကြီးများလည်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်နိုင်သည်။ တစ်နှစ်ပတ်လုံး ကူးစက်နိုင်ပြီး မိုးရာသီတွင် အများဆုံးဖြစ်ပွားကြောင်း သိရသည်။

 

မျိုးသန့်(ပြန်/ဆက်)