နေပြည်တော်  ၇ မေ

 

နိုင်ငံတကာ ခရီးသည်တင်လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံ အသီးသီးတွင် အမှန်တကယ် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ကယ်ဆယ်ရေး လေယာဉ်များဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများ၊ သက်ဆိုင်ရာဝန်ကြီးဌာနတို့နှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ စင်ကာပူနိုင်ငံတွင် အခက်အခဲများကြုံတွေ့နေကြသည့် မြန်မာနိုင်ငံသား (၁၄၄) ဦးအား မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airlines -MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပထမအသုတ်အဖြစ် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ၇-၅-၂၀၂၀ ရက်၊ မွန်းလွဲပိုင်း ၃  နာရီ ၁၅ မိနစ်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။

 

၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စိစစ်ရေးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည့် သတ်မှတ်ချက်များနှင့်အညီ သီးခြား သတ်မှတ်ပေးထားသည့်နေရာ သို့မဟုတ် သတ်မှတ်ဟိုတယ်များ၌ (၂၁) ရက်တာ အသွားအလာ ကန့်သတ် နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်ပေးကြသည်။

 

လက်ရှိတွင် ပြည်ပနိုင်ငံအသီးသီး၌ အမှန်တကယ် အခက်အခဲကြုံတွေ့နေသဖြင့် မြန်မာနိုင်ငံသို့ ပြန်လိုသော မြန်မာနိုင်ငံသားများအား ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ၃၀-၄-၂၀၂၀ ရက်နေ့တွင် ကိုရီးယားသမ္မတနိုင်ငံမှ (၉၆) ဦး၊ ၂-၅-၂၀၂၀ ရက်နေ့တွင် ဂျပန်နိုင်ငံမှ (၁၉၅) ဦး၊ ၆-၅-၂၀၂၀ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ (၃၈) ဦးနှင့် ထိုင်းနိုင်ငံမှ (၁၃၅) ဦး၊ ၇-၅-၂၀၂၀ ရက်နေ့တွင် စင်ကာပူနိုင်ငံမှ (၁၄၄) ဦး စသည်ဖြင့် စုစုပေါင်း (၆၀၈) ဦးအား ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်