ရန်ကုန်    ၇ မေ    

 

နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပျံသန်းမှု ယာယီရပ်ထားသဖြင့် ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံ တွေ့နေရသည့် မြန်မာနိုင်ငံသားများကို ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟို ကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ Myanmar Airways International (MAI) လေကြောင်းလိုင်းမှ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား ၁၃၅ ဦးကို မေ ၆ ရက်က အခမဲ့ပြန်လည် သယ်ဆောင်လာခဲ့ရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့က ကဏ္ဍအလိုက်ဆောင်ရွက်ပေးခဲ့သည်။ 

 

ထိုသို့ပြန်လည်ခေါ်ဆောင်ပေးရာတွင် ထိုင်းနိုင်ငံတွင် အခက်အခဲဖြစ်ခဲ့သည့် မြန်မာနိုင်ငံသား ခရီးသည်များအား သွားရောက်သယ်ဆောင်မှုနှင့် ပတ်သက်၍ MAI လေယာဉ်မှူးကြီး ဦးတက်တိုးဟန်က "ထိုင်းနိုင်ငံထဲမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေက မြန်မာနိုင်ငံကို ပြန်လာလိုတာကြောင့် ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကို အကြောင်းကြားတာတွေ ရှိပါတယ်။ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ကော်မတီရဲ့ လမ်းညွှန်ချက်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ ဆောင်ရွက်တဲ့အခါမှ ကျွန်တော်တို့ MAI ကနေပြီး ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား ၁၃၅ ဦးကို အခမဲ့ပြန်လည် ခေါ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်" ဟုရှင်းပြခဲ့သည်။ 

 

ကိုဗစ်-၁၉  ကပ်ရောဂါ ဖြစ်ပွားနေချိန်တွင် လေယာဉ်ပေါ်၌ တစ်ဦးနှင့်တစ်ဦး မကူးစက်စေရန်နှင့် ပတ်သက်၍ "MAI လေကြောင်းလိုင်းဟာ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီဌာနရဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာတဲ့အပြင် IATA ရဲ့ IOSA Audit အသိအမှတ်ပြု လက်မှတ်ရထားတဲ့ တစ်ခုတည်သော မြန်မာနိုင်ငံမှ  လေကြောင်းလိုင်းဖြစ်တဲ့အတွက် ဘေးအန္တရယ်ကင်းရှင်းရေးကို ပိုပြီးအဓိကထားပါတယ်။ ဒါကြောင့် လေယာဉ်အမှုထမ်း ရှစ်ဦးလုံး PPE အပြည့်အစုံ ဝတ်ဆင်တာ၊ ထိတွေ့မှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်တာ၊ လေယာဉ်တစ်စီးလုံးကို မသွားခင်မှာတစ်ကြိမ်၊ ဘန်ကောက်မှာတစ်ကြိမ် ကာကွယ်တဲ့ဆေးဖြန်းတာတွေကို ဆောက်ရွက်ပါတယ်။ ရန်ကုန်ပြန်ရောက်တော့လည်း Remote Parking မှာပဲရပ်ပြီး လူအယောက် ၂၀ ကို ဘစ်ကားတစ်စီးနှုန်းနဲ့ စနစ်တကျ လေဆိပ်ထဲ ပို့ဆောင်ပေးခဲ့ပါတယ်" ထပ်မံရှင်းပြသည်။ 

 

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်တွင် MAI လေကြောင်းလိုင်းအနေဖြင့် ကယ်ဆယ်ရေးလေယာဉ်ဖြင့် ၁၉  ခေါက် ပျံသန်းမောင်းနှင်ခဲ့ပြီး ခရီးသည် ၂၀၀၀ ခန့်နှင့် ကိုဗစ်-၁၉ ကာကွယ်ကုသရေးအတွက် ဆေးနှင့် ဆေးပစ္စည်း တန် (၆၀) ခန့်ကို အခမဲ့ သယ်ပို့ပေးခဲ့ပြီးဖြစ်သည်။ ယခုအကြိမ်သည် ဒုတိယတစ်ခေါက်ဖြစ်ပြီး ပထမအကြိမ်တွင် ဖောင်ကြီးတွင် ဖွင့်လှစ်ထားသည့် COVID-19 Medical Center အတွက် လိုအပ်သည့် ဆေးနှင့် ဆေးရုံသုံးပစ္စည်းများကို တရုတ်နိုင်ငံ Zhengzhou Xinzheng International လေဆိပ်မှ လေယာဉ် တစ်စီးစာ သွားရောက်သယ်ဆောင်ခဲ့သည်။

 

MAI လေကြောင်းလိုင်းသည် ကမ္ဘောဇဘဏ်နှင့်ပူးပေါင်းပြီး အမေရိကန်ဒေါ်လာ ၂.၅ သန်းနှင့် ငွေကျပ် သိန်း ၆၀၀၀ ကျော် အကုန်အကျခံကာ အင်ဒိုနီးရှားနိုင်ငံ ဘန်ဂျီနာကျွန်းတွင် လူကုန်ကူးခံခဲ့ရသော မြန်မာလုပ်သားဒုက္ခသည်များ၊ မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာလုပ်သားဒုက္ခသည်များနှင့် အိန္ဒိယနိုင်ငံ (Port Blair) မှာ ရောက်နေသည့် မြန်မာရေလုပ်သား ဒုက္ခသည်များ အပါအဝင် စုစုပေါင်း လူဦးရေ ၆၀၀၀ ကျော်ကို အခမဲ့ ပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီး လမ်းစရိတ် တစ်သိန်းစီ ကူညီပေးခဲ့သည်။

 

ပြည်ပရောက်မြန်မာနိုင်ငံသားများကို ပြန်လည်သယ်ဆောင်ခဲ့ခြင်းနှင့်ပတ်သက်၍ "ကျွန်တော်တို့ MAI လေကြောင်းလိုင်းမှာ ဝန်ထမ်းပေါင်း ၁၉၀၀ ကျော်ရှိပါတယ်။ ယခုကာလမှာ စီးပွားရေးအရ ထိခိုက်မှုအရှိဆုံး လုပ်ငန်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ပြည်ပရောက်နေပြီး ကိုယ့်ထက် ခက်ခဲနေတဲ့သူတွေကို သွာရောက်ခေါ်ဆောင်ရတဲ့ ကယ်ဆယ်ရေးလေယာဉ်ကို MAI က လုပ်ဖော်ကိုင်ဖက်များနဲ့အတူ မောင်နှင်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်" ဟုပြောကြားခဲ့သည်။

 

MAI အနေဖြင့် မေလ ၈ ရက်တွင်  မလေးရှားနိုင်ငံတွင် အခက်အခဲကြုံတွေ့နေသည့် မြန်မာနိုင်ငံသား အယောက် ၁၀၀ ကို အခမဲ့ သွားရောက်ခေါ်ဆောင်မည်ဖြစ်သည်။ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ တွင်လည်း အခက်အခဲ ကြုံတွေ့နေသည့် မြန်မာနိုင်ငံသား ရဟန်းသံဃာလူပုဂ္ဂိုလ်များကိုလည်း ယခုလအတွင်း ထပ်မံသွားရောက်ခေါ်ဆောင်မည်ဟု သိရသည်။

 

ကိုကျော်