ရန်ကုန် ၇ မေ
ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလအတွင်း အခြေခံလူတန်းစားများ စားသုံးနိုင်ရန်အတွက် ရည်ရွယ်၍ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒလတပ်နယ် တိုင်းရွှေဂုံမှ တန်ဖိုးသင့် ထမင်းနှင့် ဟင်းလျာများကို ယနေ့ နံနက်ပိုင်းက ဒလ-ဓနုတ် ကားလမ်းရှိ မြို့အဝင်နေရာ၌ ဒေသခံပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် ထမင်း၊ ကြက်သားဟင်း၊ သီးစုံပဲဟင်း၊ ငါးပိရည်/တို့စရာ (၁) ပွဲကို ငွေကျပ် (၅၀၀) ဖြင့် လည်းကောင်း၊ ထမင်း၊ ဘဲဥဟင်း၊ သီးစုံပဲဟင်း၊ ငါးပိရည်/တို့စရာ (၁) ပွဲကို ငွေကျပ်(၄၀၀) နှုန်းဖြင့် လည်းကောင်း ရောင်းချပေးခဲ့ရာ ဒေသခံပြည်သူများ ဝယ်ယူအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ တန်ဖိုးသင့် ထမင်းနှင့် ဟင်းလျာများကို အခြေခံလူတန်းစားများ စားသုံးနိုင်ရန်အတွက် ပုံမှန်ရောင်းချ ပေးသွားရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လာရောက်ရောင်းချပေးသော ဒလတပ်နယ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)


