ပွင့်ဖြူ   ၇  မေ 

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကျွဲတံခါးကျေးရွာအုပ်စု၊ ပေပင်ကျေးရွာရှိ ဒေသခံပြည်သူများ ရာသီမရွေး သောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ကျေးလက်ရေရရှိရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။

 

ပွင့်ဖြူမြို့နယ် ပေပင်ကျေးရွာရှိ ဒေသခံပြည်သူများမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး ကျေးရွာတွင် စက်ရေတွင်း မရှိသည့်အတွက် နှစ်စဉ်နွေရာသီကာလများတွင် သောက်သုံးရေ ရှားပါးမှုများ ရင်ဆိုင်ကြုံတွေ့နေရသည့်အတွက် ယခုနှစ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေး (VDP) စီမံကိန်းရန်ပုံငွေ သိန်း ၁၀၀ မတည်ထောက်ပံ့ပေးပြီး ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေကျပ် ၁၂ သိန်းဖြင့် ဒေသခံပြည်သူများ ရာသီမရွေး သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရန်အတွက် လေးလက်မစက်ရေတွင်းနှင့် ဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင် တည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းကို ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီမှ ဦးဆောင်ကာ ဒေသခံပြည်သူများ ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လိုအပ်သော နည်းပညာများ ပံ့ပိုးကူညီ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

 

လက်ရှိတွင် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု ၆၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကာ ယင်း စက်ရေတွင်း တူးဖော်ပြီးစီးပါက ပေပင်ကျေးရွာရှိ အိမ်ခြေ ၆၀၊ လူဦးရေ ၃၀၀ နီးပါးခန့်အား ရာသီမရွေး သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။  

 

ရဲဝင်းနိုင် (ညောင်ဦး)