၇ မေ
ကိုဗစ်-၁၉ ရောဂါကြောင့် MNL အပါအဝင် ပြည်တွင်းပြိုင်ပွဲများကို ရပ်နားထားရာ ပြည်တွင်းကလပ် အသင်းများအနေဖြင့် ပြိုင်ပွဲပြန်လည်စတင်မည့် ကာလအပေါ်မူတည်၍ လေ့ကျင့်မှုပြုလုပ်မည်ဖြစ်သည်။
ပြည်တွင်းပြိုင်ပွဲများကို မတ် ၂၄ ရက်မှစ၍ ရက်အကန့်အသတ်မရှိ ရပ်နားထားပြီး မြန်မာနေရှင်နယ်လိဂ် ကလပ်များအပါအဝင် လိဂ်ပြိုင်ပွဲအသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် အသင်းများမှာ လေ့ကျင့်မှုရပ်နားထားရသည်မှာ တစ်လကျော် ကြာမြင့်သွားပြီဖြစ်သည်။ ကလပ်အသင်းအချို့မှာ ယခုလအတွင်း ပြန်လည်လေ့ကျင့်ခွင့်ရရန် မျှော်လင့်ထားသော်လည်း သက်ဆိုင်ရာက လေ့ကျင့်ခွင့်ပြုမှသာ စတင်လေ့ကျင့်နိုင်မည်ဖြစ်သည်။
မြန်မာနေရှင်နယ်လိဂ် ကော်မတီသည် ယခုရာသီတွင် လိဂ်ပြိုင်ပွဲလေးခု ကျင်းပနေပြီး MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲသာ ပထမအကျော့ ပြီးဆုံးသေးပြီး MNL စီနီယာလိဂ်ပြိုင်ပွဲ၊ MNL ယူ-၂၁ ပြိုင်ပွဲနှင့် MNL ယူ-၁၉ လိဂ်ပြိုင်ပွဲများမှာ ပထမအကျော့ကျင်းပနေသည့်ကာလတွင် ရပ်နားထားရခြင်းဖြစ်သည်။
မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ပြိုင်ပွဲပြန်လည်မစတင်မီ ကလပ်အသင်းများ ပြင်ဆင်ချိန်ရရန် သုံးပတ်ဝန်းကျင် ကြိုတင်အကြောင်းကြားမည်ဖြစ်ပြီး အားကစားပြိုင်ပွဲများ ပြန်လည်ကျင်းပခွင့်ပြုမှသာ ပြိုင်ပွဲကျင်းပမည့် ကာလကို အတည်ပြုမည်ဖြစ်သည်။ လက်ရှိအနေအထားအရ အစောဆုံး ဇွန်လမှသာ စတင်နိုင်ဖွယ်ရှိနေပြီး ရောဂါအခြေအနေအပေါ် မူတည်၍ နောက်ကျနိုင်ဖွယ်ရှိနေသည်။
ယခုကဲ့သို့ ကပ်ရောဂါကြောင့် ပြိုင်ပွဲရပ်နားရခြင်းမှာ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးဖြစ်သည်။ ယခင်က ပြည်တွင်းပြိုင်ပွဲများကို စက်တင်ဘာနှင့် အောက်တိုဘာတွင် အပြီးကျင်းပရန် စီစဉ်ထားသော်လည်း လက်ရှိအနေအထားကြောင့် ပြိုင်ပွဲပြီးဆုံးမှု နောက်ကျဖွယ်ရှိနေသည်။ မြန်မာနေရှင်နယ်လိဂ် ကော်မတီသည် စီနီယာ ကလပ်အသင်းများအတွက် လိဂ်ပြိုင်ပွဲအပြင် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲလည်း ကျင်းပရမည်ဖြစ်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ - စိုးညွန့်


