မကြာမီ မိုးရာသီကျရောက်လာတော့မည်။ ရာသီဥတုအကူးအပြောင်း ကာလမှာ လူတို့၏ခန္ဓာကိုယ်မှ ခုခံအားစနစ်တို့ ကျဆင်းပြီး အဖျားအနာ ထူပြောသည့် ကာလပင်ဖြစ်သည်။ မိုးရာသီတွင် ဖြစ်လေ့ရှိသည့် ရောဂါများက သွေးလွန်တုပ်ကွေးရောဂါ၊ ချီကန်ဂန်ညာခေါ် ဆင်တုပ်ကွေးရောဂါ၊ ဂျပန်ဦးနှောက်အမြှေးရောင်ရောဂါ၊ ရာသီတုပ်ကွေးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဝမ်းကိုက်ရောဂါ၊ အူရောင်ငန်းဖျားရောဂါ၊ အသည်းရောင်အသားဝါ အေနှင့်အီး၊ လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ စသည်တို့ ဖြစ်သည်။
မိမိတို့နိုင်ငံတွင် လောလောဆယ် အာရုံစိုက်နေကြရသည်က ကိုဗစ်- ၁၉ ရောဂါဖြစ်သည်။ ကူးစက်မြန်သည့် ကမ္ဘာ့ကပ်ရောဂါဖြစ်၍ ပြည်သူလူထုအတွင်း အထိအခိုက်အဖိတ်အစဉ် နည်းနိုင်သမျှ နည်းအောင်၊ ကြိုတင်ကာကွယ်မှုများဖြင့် တားဆီးထိန်းချုပ်နိုင်အောင် ဘက်စုံထောင့်စုံမှ ဝိုင်းဝန်းဆောင်ရွက်နေကြရသည်။ သို့ရာတွင် နှစ်စဉ်ရာသီချိန်ရောက်တိုင်း တစ်ကျော့ပြန်လည်လာတတ်သည့် ရောဂါများကိုလည်း အမှုမဲ့အမှတ်မဲ့မေ့လျော့ထား၍မရ၊ သွေးလွန် တုပ်ကွေးကဲ့သို့သော ရောဂါမျိုးက ကိုဗစ်-၁၉ ထက်ပင် ဖြစ်ပွားသူ နှင့် သေဆုံးသူအရေအတွက် ပို၍များပြားခဲ့သောကြောင့် ဖြစ်သည်။ သို့ရာတွင် ဖော်ပြပါရောဂါများအားလုံးကို အစားအစာသန့်ရှင်းရေး၊ ရေသန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးတို့ကို ဂရုတစိုက်ဆောင်ရွက်ခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်သည်။ သန့်ရှင်းရေး အားလုံးမှာ တစ်ဦးတစ်ယောက်ချင်း၊ မိသားစုတစ်စုချင်းအလိုက် ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ ပတ်ဝန်းကျင်သန့်ရှင်းရေးမှာမူ အများစုပေါင်းဆောင်ရွက်မှ အောင်မြင်နိုင်မည် ဖြစ်သည်။
ပတ်ဝန်းကျင်သန့်ရှင်းရေးဆောင်ရွက်ခြင်းက ခြင်၊ ယင်၊ ကြွက် အပါအဝင် ရောဂါပိုးမွှားသယ်ဆောင်နိုင်သည့် သတ္တဝါများကိုပါ ရှင်းလင်းသွားစေနိုင်သည်။ အနိုးဖလိစ် (Anopheles) ဟု ခေါ်သည့် ခြင်က ငှက်ဖျားရောဂါသယ်ဆောင်နိုင်သည့်နိုင်ဖြစ်ပြီး နာမည်ကျော် ခြင်ကျားခေါ် အေးဒီးစ် (Aedes) ခြင်မှာ သွေးလွန်တုပ်ကွေး၊ ချီကန်ဂန် ညာခေါ် ဆင်တုပ်ကွေး၊ အသားဝါအဖျားရောဂါနှင့် ဇီကာရောဂါတို့ ကို ဖြစ်ပွားစေသည့် ဗိုင်းရပ်စ်များ သယ်ဆောင်သည့် ခြင်ဖြစ်သည်။ ငှက်ဖျားခြင် အနိုးဖလိစ်ရော သွေးလွန်တုပ်ကွေးခြင် အေးဒီးစ်ပါ ရေကြည်ရေသန့်ရေငြိမ်တို့တွင် ပေါက်ပွားကြသည်။ လက်စ် (Culex)ခြင်မျိုးက ဂျပန်ဦးနှောက်ရောင်ရောဂါနှင့် ဆင်ခြေထောက်ရောဂါတို့ကို ဖြစ်ပွားစေပြီး ရေပုပ်ရေသိုး၊ ညစ်ညမ်းရေများတွင် ပေါက်ပွားကြသည်။ ထို့ကြောင့် အမှိုက်သရိုက် ချုံနွယ်ပိတ်ပေါင်း များ ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ ရေစည် ရေတိုင်ကီရေလှောင်ကန်တို့ကို ဖုံးအုပ်ခြင်း၊ ဆေးခတ်ခြင်း တို့ ပြုလုပ်ခြင်းဖြင့် ပတ်ဝန်းကျင်သန့်ရှင်းခြင်းနှင့်အတူ ကျန်းမာရေး ရလဒ်ကောင်းများ ရရှိနိုင်သည်။
ဝမ်းပျက်ဝမ်းလျှော၊ ဝမ်းကိုက်၊ အူရောင်ငန်းဖျား စသည့်ရောဂါ များက အစားအစာနှင့် သောက်သုံးရေသန့်ရှင်းရေးကို ဂရုစိုက်ဆောင်ရွက်ခြင်းဖြင့် ကာကွယ်နိုင်သည်။ အစားအစာများကို သန့်ရှင်းစွာ သိုလှောင်ထားရှိခြင်း၊ လတ်ဆတ်သည့်ဟင်းသီးဟင်းရွက် သားငါးတို့ကို စနစ်တကျချက်ပြုတ်စားသောက်ခြင်း၊ ချက်ပြုတ်သည့် မီးဖိုချောင်သုံးပစ္စည်းကိရိယာများနှင့် အိုးခွက်ပန်းကန် ဇွန်း ခက်ရင်း များ သန့်ရှင်းစွာ ထားရှိခြင်း၊ သန့်ရှင်းသည့်ရေ သို့မဟုတ် ကျိုချက် ထားသည့် ရေကိုသာ သောက်သုံးခြင်းဖြင့် အထက်ပါ ရောဂါများကို ကာကွယ်နိုင်သည်။ ရာသီတုပ်ကွေးနှင့် လတ်တလောအသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါတို့မှာမူ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု ကာကွယ်ရေးအတွက်အကြံပြုချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်းဖြင့် တစ်ပါတည်း ကာကွယ်နိုင်သော ရောဂါများပင် ဖြစ်သည်။
လူတို့၏ ပတ်ဝန်းကျင်မှာ ရောဂါအမျိုးမျိုးကို ဖြစ်ပွားစေသည့် ဗိုင်းရပ်စ်များ၊ ဗက်တီးရီးယားများနှင့် ကပ်ပါးကောင်များ၊ အမှုန် အမွှားများက ကွက်လပ်မကျန်အောင် ရှိနေကြသည်။ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးတို့ ပုံမှန်ပြုလုပ်နေခြင်း အားဖြင့် မည်သည့်ရောဂါပိုးမွှားကမျှ လူ့ခန္ဓာကိုယ်ထဲ ဝင်ရောက် အန္တရာယ်ပြုနိုင်မည်မဟုတ်။ ရောဂါကင်းဝေးကျန်းမာရေးအတွက် အားလုံးသန့်ရှင်းနိုင်ကြပါစေကြောင်း။