မိမိတို့တွင် ကြုံတွေ့နေရသော ဒုက္ခဆင်းရဲအပေါင်းတို့သည် "ဘယ်သူမပြု မိမိမှုမိမိတို့ ကိုယ်နှိုက်သာလျှင် လုပ်ဆောင်ဖန်တီးခဲ့ခြင်းသာ ဖြစ်သည်။ ခန္ဓာသဘောအရလည်းကောင်း၊ လောကသဘောအရလည်းကောင်း၊ တရား သဘောအရလည်းကောင်း မိမိကိုယ်ကိုယ် နှိပ်စက်သူသည် မိမိသာလျှင် ဖြစ်သည်။ မိမိကိုယ်ကိုယ် ဒုက္ခပြုသူသည် မိမိသာပင် ဖြစ်ပေသည်။ ထို့ကြောင့် မိမိကိုယ်ကိုယ် နှလုံးသွင်းဆင်ခြင်ပြီး သင့်တင့်လျောက်ပတ်စွာ ပြုပြင်စီမံ နေထိုင်ရမည် ဖြစ်သည်။

မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူခါနီးအချိန်ကာလတွင် ရဟန်း သံဃာနှင့်တပည့်သာဝကများအား "ကိုယ့်ကိုယ်ကိုယ်သာ အားကိုးနေရမည်၊ တရားကိုသာ ကိုင်းကျွန်းပမာ မှီခိုအားထား၍ နေရမည်၊ အခြားအားကိုးရာ မရှိ" ဟု အကြိမ်ကြိမ်အထပ်ထပ် မိန့်တော်မူခဲ့သည်။ ထို့နောက် မြတ်စွာ ဘုရားရှင်သည် -

ဟန္ဒဒါနိ ဘိက္ခဝေ အာမန္တယာမိဝေါ၊ ဝယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ။ ဟု နောက်ဆုံးဩဝါဒစကားကို မှာကြားမိန့်တော်မူသည်။ " ချစ်သား တို့ - သင်တို့အား ယခုနောက်ဆုံးစကား မှာကြားပေအံ့ - ဖြစ်ပေါ်သမျှ သဘာဝတို့သည် ပျက်စီးရသည်ချည်းသာတည်း၊ မြဲမြံသောသတိဖြင့် သီလ၊ သမာဓိ၊ ပညာတရားတို့ကို ပြည့်စုံတိုးပွားအောင် ကြိုးစားအားထုတ်ရစ်ကြ ကုန်လော့ဟူ၍ဖြစ်သည်။

မျက်မှောက်ကာလ ဖြစ်ပေါ်သမျှသော သဘာဝတို့သည် ပျက်စီးခြင်း သဘောဖြစ်နေကြသည်ကို တွေ့ရမည် ဖြစ်သည်။ ထို့ကြောင့် မြဲမြံသော သတိဖြင့် ကောင်းသောအမှုတို့ကို ပြည့်စုံတိုးပွားအောင် ကြိုးစားအားထုတ် ကြရမည် ဖြစ်သည်။ လက်ရှိတွင် ကပ်ရောဂါဘေး၊ သဘာဝဘေးတို့ကို ရင်ဆိုင်ကြုံတွေ့နေရသည်။ အနိစ္စသဘောအရ ပျက်စီးခြင်းသဘောတို့ကို မလွဲမသွေကြုံတွေ့ရမည်ဖြစ်၍ ထိုဘေးတို့ကို မြဲမြံသောသတိဖြင့် ရင်ဆိုင် ကျော်လွှားကြရမည် ဖြစ်သည်။

ယခုအခါ ရောဂါကပ်ဘေးကို မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံး ရင်ဆိုင်ကြုံတွေ့နေရသည်။ ရောဂါကပ်ဘေးတွင် ကူးစက်ခြင်းမခံရစေရေး အတွက် ကုသိုလ်တရားများကို ပွားတိုးအားထုတ်ရင်း မြဲမြံသောသတိဖြင့် သတိမူဆင်ခြင်နေထိုင်ကြရမည် ဖြစ်သည်။ ရောဂါကူးစက်ခြင်း၊ တိုးပွားခြင်း တို့သည် မိမိတို့ကြောင့်ပင်ဖြစ်သည်ကိုသတိပြုရမည် ဖြစ်သည်။ အနေအထိုင် ဆင်ခြင်ပါ၊ အကာအကွယ်ပြုလုပ်ပါတို့ကို မလိုက်နာသောကြောင့် ဖြစ်သည်။ မြဲမြံသောသတိဖြင့် လိုက်နာကြလျှင် ရောဂါကင်းဝေးမည် ဖြစ်သည်။

တစ်ဖန် ယခုအချိန်ကာလသည် နွေရာသီလည်းဟုတ်၊ မိုးကြိုရာသီ လည်းဟုတ်သည်။ နွေရာသီ၏ အပူဒဏ်ကို လူအများ ထူးထူးကဲကဲ ခံစားနေကြရသည်။ ဤသည်မှာ ပျက်စီးခြင်းသဘာဝတရား ဖြစ်သည်။ နွေရာသီ ကာလ အပူရှိန်ပြင်းထန်ချိန်နှင့် ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပေါ် နေချိန်တို့တွင် ပြည်သူများ ယခင်ထက်ပို၍ မြဲမြံသောသတိဖြင့် အထူးဂရုစိုက် လိုက်နာဆင်ခြင်နေထိုင်ကြရမည် ဖြစ်သည်။ အပူဒဏ်ကို ကာကွယ်ကြရမည်ဖြစ်သလို ရောဂါကူးစက်မှုကိုလည်း ကာကွယ်ကြရမည်။

အပူဒဏ်ခံစားနေရစဉ်၊ ကူးစက်ရောဂါကြုံတွေ့နေရစဉ် ရာသီအကူး အပြောင်း၌ ထပ်မံဖြစ်ပွားလာနိုင်သည့် အပူဒဏ်ကြောင့် အားအင်ကုန်ခန်းမှု၊ ရောဂါအခံများတိုးလာစေမှု၊ ကိုဗစ်-၁၉ ထက်ပင် အသက်သေဆုံးမှုဖြစ်စေ နိုင်သော သွေးလွန်တုပ်ကွေး၊ ရာသီတုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှောဘေး တို့ကိုလည်း သတိထားရမည် ဖြစ်သည်။ ထိုသဘာဝဘေး၊ ရောဂါဘေး အမျိုးမျိုးတို့ကို သတိထားဆင်ခြင်ပြီး ကိုယ့်ကိုယ်ကိုယ်သာ အားကိုးကာ သတိထားဆင်ခြင်နေထိုင်ကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ ရုပ်ဝတ္ထုတို့သည် ပျက်စီးခြင်းသဘောတရားများ သာဖြစ်သည်။ အနိစ္စသဘောတရားများသာ ဖြစ်သည်။ မြတ်စွာဘုရားရှင်၏ နောက်ဆုံးမိန့်မှာကြားခဲ့မှုအရ ဖြစ်ပေါ်သမျှ သဘာဝတို့သည် ပျက်စီးရသည် ချည်းသဘောသာဖြစ်၍ လက်ရှိဘဝတွင် မြဲမြံသောသတိဖြင့် သတိမူ ဆင်ခြင်နေထိုင်ပြီး သီလ၊ သမာဓိ၊ ပညာတရားတို့ကို ပြည့်စုံတိုးပွားအောင် ကြိုးစားအားထုတ်ကြရမည် ဖြစ်ပါသတည်း။ ။

km