မလှိုင် ၈ မေ
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ မိုးရာသီတွင်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို မေ ၇ ရက်နေ့ ညနေပိုင်းကနေ့ လူစည်ကားရာနေရာများနှင့် ပန်းအိုင်ကျေးရွာများအတွင်း၌ လှည့်လည် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သွေးလွန်တုတ်ကွေးရောဂါသည် ခြင်ကျားအကိုက်ခံရခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း၊ ခြင်ကျားသည် နေ့အခါတွင် ကိုက်လေ့ရှိပြီး မိုးရာသီတွင် ပေါက်ပွားလေ့ရှိကြောင်း၊ မိုးရာသီတွင် သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များပြီး အသက်အရွယ်မရွေး၊ ကျား/မ မရွေး ဖြစ်ပွားနိုင်ကြောင်း၊ အထူးသဖြင့် အသက် (၁၅) နှစ် အထက် လူကြီးများတွင် ဖြစ်ပွားပါက သေဆုံးနှုန်းမြင့်မားသည်ကိုတွေ့ရကြောင်း၊ ခြင်ကျားသည် ရေကြည်ရေသန့်တွင် ပေါက်ပွားလေ့ရှိသဖြင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးမှာ ခြင်ကျား၊ ပိုးလောက်လန်း ပေါက်ပွားရာနေရာ လုံးဝမရှိစေရန် ဆောင်ရွက်ရေးတို့ကို လက်ကိုင်အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြသည်။ ထို့အပြင် သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများ တွေ့ရှိပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက်လက်များ၊ ကျန်းမာရေးဝန်ထမ်းများ၏ လမ်းညွှန်ချက်များကို ယုံကြည်လိုက်နာရန်နှင့် နီးစပ်ရာဆေးရုံ၊ ဆေးခန်းများကိုချက်ခြင်း သွားရောက်ကုသမှု ခံယူရန် အသိပေးနှိုးဆော်ခဲ့ပြီး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ အသိပညာပေးဆောင်ရွက်ရာသို့ ပန်းအိုင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သက်နှင့် တာဝန်ရှိသူများ ကျေးလက်ကျန်းမာရေးနေဌာနမှ သူနာပြုဆရာမများက လမ်းဆုံနေရာများနှင့် ပန်းအိုင်ကျေးရွာတို့တွင် ကွင်းဆင်းနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)