တံတားဦး ၈ မေ
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ကြပ်ပြင်ကျေးရွာ ဝင်ငွေနည်းပါးသည့် အိမ်ထောင်စုများကို အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ကုလားပဲ၊ ငါးသေတ္တာဘူး၊ ကာဘော်လစ်ဆပ်ပြာနှင့် Mask များကို မန္တလေးမြို့ မောင်းကြီးနှင့်ရောင်းရင်းများအဖွဲ့မှ ယနေ့နံနက် ၁၀ နာရီက ကျေးရွာအရောက်သွားပြီး ထောက်ပံ့လှူဒါန်းကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ကြပ်ပြင်ကျေးရွာရှိ ဝင်ငွေနည်းပါးသည့် အခြေခံ လူတန်းစားများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် တစ်အိမ်ထောင်လျှင် ဆန်(၄)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ကြက်သွန်နီ(၁)ပိဿာ၊ ကုလားပဲ(၁)ပြည်၊ ငါးသေတ္တာဘူးကြီး(၁)ဘူး၊ အိုင်အိုဒင်းဆား(၁)ထုပ် ကာဘော်လစ်(၁)ခဲနှင့် Mask များအား လှူဒါန်းခြင်းဖြစ်ကြောင်း မောင်းကြီးနှင့် ရောင်းရင်းများ အဖွဲ့ခေါင်းဆောင် ဦးစိန်သန်းက ပြောကြားသည်။ ယနေ့ ကျွန်တော်တို့အဖွဲ့ လှူဒါန်းသည့် ပစ္စည်းစုစုပေါင်း ဆန်တစ်တင်းခွဲဝင်အိတ်ပေါင်း(၁၇)အိတ်၊ ဆီပိဿာပေါင်း (၁၀၀)ပိဿာ၊ ကြက်သွန်နီပိဿာ(၁၀၀)၊ ကုလားပဲ(၁၀၀)ပြည်၊ ငါးသေတ္တာဘူးကြီး(၁၀၀)၊ အိုင်အိုဒင်းဆား(၁၀၀)ထုပ်၊ ကာဘော်လစ်(၁၀၀)ခဲ၊ Mask(၁၀၀)ခု၊ စုစုပေါင်း တန်ဖိုးအားဖြင့်(၁၂)သိန်း ကျပ်ဖြစ်ပါကြောင်း ဒါ့အပြင် ယနေ့ကြပ်ပြင်ကျေးရွာရှိ ဝင်ငွေနည်းပါးသည့် အိမ်ထောင်စုပေါင်း (၁၀၀)ဦးအတွက် ထောက်ပံ့ လှူဒါန်းခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားည်။
ထို့အပြင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အဆိုပါကျေးရွာရှိ မောင်းကြီးစာကြည့်တိုက်အတွက် သုတရသစာအုပ်စာစောင်များကို လှူဒါန်းပြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို Hand Speaker ဖြင့် အသိပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရဲတင့်


