မင်းလှ   ၈   မေ 

မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ် ပနီဆုံကျေးရွာ၌ ချောင်းကမ်းပါးတိုက်စားမှုဒဏ် လျော့နည်းစေရေးရည်ရွယ်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း VDP ခွင့်ပြုရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေများဖြင့် မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

 

အဆိုပါ မြေထိန်းနံရံကို ၂၀၁၉- ၂၀၂၀ ခုဘဏ္ဍာနှစ် ကျေးလက်‌ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရန်ပုံငွေ ကျပ် ၁၀ သန်း၊ ကျေးရွာပြည်သူထည့်ဝင်ငွေ ကျပ် ၀ ဒသမ ၅ သန်းတို့ဖြင့် အရှည် ပေ ၁၀၀၊ အကျယ် ၃ ပေရှိ မြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာများ၏ နည်းပညာအကူအညီဖြင့် ကျေးရွာပြည်သူလူထုကိုယ်တိုင် ယခုနှစ် မတ်လအတွင်းက စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ၆၀ ရာခိုင်နှုန်းထိ ပြီးစီးနေပြီဖြစ်ကြောင်း မင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နန္ဒာအိက ပြောကြားသည်။

 

ပနီဆုံကျေးရွာသည် မင်းလှမြို့နယ် ပနီချောင်းနဘေးရှိ ကျေးရွာတစ်ရွာဖြစ်ပြီး နှစ်စဉ် မိုးရာသီ ကာလရောက်တိုင်း ချောင်းရေပြင်သည် တဖြည်းဖြည်းကျယ်ပြန့်လာကာ ကျေးရွာအနီးသို့ရောက်ရှိ၍ ချောင်းကမ်းပါးအား တိုက်စားသောကြောင့် ကျေးရွာရှိ နေအိမ်များ၊ စာသင်ကျောင်းများ ချောင်းရေ တိုက်စားမှုဒဏ်ခံရ၍ ပျက်စီးမှုများ မဖြစ်ပေါ်စေရေးအတွက် ယခုလိုမြေထိန်းနံရံ တည်ဆောက်ရခြင်းဖြစ်ပြီး၊ မြေထိန်းနံရံ တည်ဆောက်ပြီးစီးသွားပါက ပနီဆုံကျေးရွာရှိ အိမ်ခြေ ၂၆၆ အိမ်မှ၊ လူဦးရေ ၁၃၃၈ ဦးတို့အတွက် ချောင်းကမ်းပါးတိုက်စားမှုဒဏ်မှ ကာကွယ်ပေးနိုင်မည် ဖြစ်ကြောင်း မင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နန္ဒာအိက ဆက်လက်ပြောပြသည်။

ငြိမ်းသူ(စလင်း)