မင်းတုန်း မေ ၈
မကွေးတိုင်း ဒေသကြီး သရက်ခရိုင် မင်းတုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် မီးပေါက်(တ)ကျေးရွာအုပ်စု၊ တလုပ်ပင်ကျေးရွာ ဘက်စုံသုံးခန်းမဆောင် တည်ဆောက် ပြီးစီးမှု အခြေအနေများကို ယနေ့နံနက် ၉ နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာသို့ မင်းတုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်သန်းနု၊ မင်းတုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြတ်စုအောင်နှင့် ဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ကော်မတီဝင်များနှင့်အတူ တလုပ်ပင် ကျေးရွာ အိမ်တိုင်ရာရောက် ရေပေးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာသူကျေးရွာသားများ အနေဖြင့် ရေပေးရေးလုပ်ငန်းကို ရေရှည် တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်း ထိန်းသိမ်းကြစေလိုကြောင်း ဆွေးနွေးမှာကြားသည်။
တလုပ်ပင်ကျေးရွာ အိမ်တိုင်ရာရောက်ရေပေးရေးအတွက် ဂါလံ ၅၀ဝ၀ ဆံ့ရေကန်တည်ဆောက်ခြင်း၊ အလျား ၅ ပေ၊ အကျယ် ၅ပေ၊ အမြင့် ၇ ရေစက်ရုံတည်ဆောက်ခြင်း၊ အင်ဂျင်၊ ပန့်နှင့် ဆက်စပ် ပစ္စည်းများကို မင်းတုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ထောက်ပံရန်ပုံငွေ ကျပ်သိန်း ၁၀ဝ ဖြင့် မတ်လ ဒုတိယ ပတ်မှ စတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၉၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း မင်းတုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြတ်စုအောင်က ပြောသည်။
စိုးမိုးကျော်


