မြိတ်  ၈ မေ  

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ကလွင်ရွာမကျေးရွာ အရှေ့ကုန်းရပ်ရှိ ကလွင်စန္ဒဝတ်တာ ကျိုးပေါက်နေမှုကြောင့် မိုးစပါးစိုက်ပျိုးမည့် လယ်ယာမြေများ၌ ပင်လယ်ရေများ ဝင်ရောက်လျက် ရှိသဖြင့် ယခုနှစ် မိုးစပါးစိုက်ပျိုးရန် တောင်သူများ အခက်အခဲဖြစ်နေကြကြောင်း သိရသည်။

 

“(၅)လပိုင်းက လယ်စလုပ်တဲ့အချိန်ပဲ။ မိုးဦးထွန်ယက်တဲ့အချိန်က (၅)လပိုင်းမှာ ထွန်ယက်မယ်။ (၆)လ ပိုင်းကျရင် ပျိုးချမယ်။ လယ်စိုက်တဲ့အချိန်မှာ တာတမံလုပ်လို့မရဘူး။ မိုးရာသီဆိုရင် မြေတူးစက်တွေ ဆင်းလို့ မရဘူး။ လယ်သမားတွေလည်း စိုက်ပျိုးလို့မရတော့ဘူး။ လယ်ယာစိုက်ပျိုးတဲ့အချိန်မှာ တာတမံကြီးကို ကောင်းအောင် လာလုပ်ပေးစေချင်ပါတယ်။ လယ်သမားတွေစိုက်ဖို့ အဆင်မပြေတော့ဘူး။ စိုက်ပျိုးထွန်ယက်တာလုပ်ဖို့ ရပ်နားထားပါတယ်”  ဟု တောင်သူ ဦးမင်းနိုင် က ပြောသည်။

 

ကလွင်ရွာမကျေးရွာ အရှေ့ကုန်းရပ်၌ လယ်မြေဧက(၃၀၀)ကျော်ရှိပြီး ကလွင်စန္ဒဝတ်တာသည် ပင်လယ်အဝ နေရာကျရောက်နေသည့်အတွက် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ကျိုးပေါက်ခဲ့ပြီး ပြန်လည် ပြုပြင်ခဲ့ရာ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ထပ်မံကျိုးပေါက်ခဲ့သဖြင့် ကျောက်တန်းစီဆောင်ရွက်မှ အဆင်ပြေနိုင်မည်ဖြစ်သောကြောင့် တောင်သူများ သဘောတူညီမှုဖြင့် ဆည်မြောင်းဦးစီးဌာနမှ ကျိုးပေါက်ခဲ့သည့် နေရာရှိ လယ်ဧက(၈၀)ချန်လှပ်၍  တမံအသစ်တစ်ခု တည်ဆောက်ရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်  ဖြည့်စွက်ရန်ပုံငွေဖြင့် ဆောင်ရွက်ရန် လျာထားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

 “ကလွင်စန္ဒဝတ်တာကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေ (RE) မှာ အစိုးရအဖွဲ့ကိုတင်ပြ တောင်းခံထားတာ လုပ်ငန်းရန်ပုံငွေက RE နဲ့ပတ်သက်တဲ့လုပ်ငန်းထဲမှ တစ်ခုမှ မရခဲ့ဘူး။ အဲဒါကြောင့် လုပ်ငန်းကို ဆက်လုပ်လို့ မရဖြစ်သွားတယ်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှာ ထပ်မံတင်ပြထားပါတယ်။ ဦးစားပေးထည့်ပေးဖို့အတွက် တင်ပြတောင်းခံထားပြီးဖြစ်တယ်။ တကယ်လုပ်သင့်တဲ့ လုပ်ငန်းလည်း ဖြစ်နေတော့ တကယ်တန်းတော့ ပါသင့်တယ် ” ဟု ဆည်မြောင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင် က ပြောသည်။

 

ကျိုးပေါက်လျက်ရှိသည့် ကလွင်စန္ဒဝတ်တာနေရာမှ တောင်သူများ၏ သဘောတူညီမှုဖြင့် အတွင်းဘက် သို့ရွေ့၍  တမံအသစ်တည်ဆောက်ရေးလုပ်ငန်းကို ဆည်မြောင်းဦးစီးဌာနမှ စတင်ခဲ့ပြီး ခွင့်ပြုရန်ပုံငွေ မရရှိခဲ့သောကြောင့် လုပ်ငန်းရပ်ဆိုင်းခဲ့သဖြင့် လက်ရှိအချိန်၌ လယ်မြေများတွင် ပင်လယ်ရေ ဝင်ရောက်လျက်ရှိသဖြင့် ယခုနှစ် မိုးစပါးစိုက်ပျိုးရန် တောင်သူများ အခက်အခဲဖြစ်လျက်ရှိကြသည်။

 

“စပါးစိုက်ပျိုးတဲ့ တစ်ဧကအထွက်နှုန်းက အညံ့ဆုံး (၅၀) မှ (၇၀)အထိ ထွက်ပါတယ်။ လယ်တစ်ကယ်ကောင်းတဲ့ လယ်မှာ(၈၀)နဲ့ (၉၀)အထိ ထွက်တာတွေတော့ရှိတယ်။ အခုတော့စိုက်လို့ မရတော့ဘူး။ ဧက(၂၀၀) ကျော်လုံးက တမံမှ ပင်လယ်ရေငန်ဝင်ပြီဆိုတော့ ဆုံရှုံးမှာပဲ။ စိုက်လို့ မရတော့ဘူး” ဟု ကလွင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရန်နိုင်စိုး က ပြောသည်။

 

လျာထားဆောင်ရွက်မည့် တာတမံအသစ်ကို အရှည်ပေ (၅၀၀၀)၊ အမြင့် ထိပ်ဝအကျယ်(၈)ပေ၊  အမြင့် (၈) ပေ၊ အောက်ခြေအကျယ်(၂၄)ပေကို ရန်ပုံငွေ စုစုပေါင်း ကျပ်သိန်း(၁၅၀)ဖြင့်  ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးနိုင်ရန် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ဆည်မြောင်း ဦးစီးဌာနမှ ထပ်မံတင်ပြထားရှိကြောင်း၊ လက်ရှိအချိန်၌ တာတမံအသစ်တည်ဆောက်နိုင်မှု မရှိသောကြောင့် ပင်လယ်ရေများ ဝင်ရောက်လျက်ရှိသော လယ်ယာမြေများ၌ ယခုနှစ်မိုးစပါးစိုက်ပျိုးရန်  တောင်သူများ အခက်အခဲဖြစ် လျက်ရှိကြကြောင်း သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)