မိုင်းယု   ၈   မေ

 

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့သို့ အထူးဒေသ(၄)၊ နမ့်ပန်းဒေသ၌  Quarantine (၂၁)ရက် နေထိုင်ပြီးသော နေရပ်ပြန် မြန်မာအလုပ်သမား(၆၆၅)ဦးကို ဒုတိယအကြိမ် မေ ၈ ရက်၊ နံနက် ၇ နာရီ ၁၀ မိနစ်အချိန်က မိုင်းယု-ကျိန်းယဲန်းတံတားမှတစ်ဆင့်  မိုင်းယုဘက်သို့ ပို့ဆောင် ပေးခဲ့သည်။

 

5269

 

အဆိုပါ နေရပ်ပြန် မြန်မာအလုပ်သမားများသည် ယနေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်အချိန်တွင် မိုင်းယု-ကျိန်းယဲန်း တံတားပေါ်တွင် အထူးဒေသ(၄)၊ နမ့်ပန်းဒေသရဲတပ်အဖွဲ့မှ ရဲမှူး ချစ်ဆွေ ဦးဆောင်သည့် အဖွဲ့တို့မှ နေပြည်တော် ကောင်စီနယ်မြေအတွင်းမှ အမျိုးသား(၁၃)ဦး၊ အမျိုးသမီး(၇)ဦး၊ ရန်ကုန်တိုင်း ဒေသကြီးမှ အမျိုးသား(၂)၊ ပဲခူးတိုင်းဒေသမှ အမျိုးသား (၂၄)ဦး၊ အမျိုးသမီး (၁၁)ဦး၊ မကွေးတိုင်းဒေသမှ အမျိုးသား (၁၂၈)ဦး၊ အမျိုးသမီး (၆၉)ဦး၊ မန္တလေးတိုင်းဒေသမှ အမျိုးသား (၉)ဦး၊ အမျိုးသမီး (၆)ဦး၊ စစ်ကိုင်းတိုင်းဒေသမှ အမျိုးသား (၁၂)ဦး၊ အမျိုးသမီး (၁၂)ဦး၊ ဧရာဝတီတိုင်းဒေသမှ အမျိုးသား (၄)ဦး၊ ကချင်ပြည်နယ်မှ အမျိုးသား (၁)ဦး၊ မွန်ပြည်နယ်မှ အမျိုးသား (၃)ဦး၊ အမျိုးသမီး (၁)ဦး၊ ရခိုင်ပြည်နယ်မှ အမျိုးသား (၂၁၄)ဦး၊ အမျိုးသမီး (၁၄၀)ဦး နှင့် ရှမ်းပြည်နယ်မှ အမျိုးသား (၅)ဦး၊ အမျိုးသမီး (၂)ဦး စုစုပေါင်း အလုပ်သမား (၆၆၅)ဦးတို့ကို လွှဲပြောင်းပေးအပ်ခဲ့ပြီး မိုင်းယောင်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်၊ တာချီလိတ်မြို့နယ် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ရဲနိုင်အောင်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဉက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုးတို့က လက်ခံကြိုဆို ခဲ့ကြသည်။

 

236

 

ယင်းနောက် နေရပ်ပြန် အလုပ်သမားများကို မြို့မရပ်ကွက် အားကစားကွင်းတွင် မိုင်းယောင်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ တာချီလိတ်မြို့နယ် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီအဖွဲ့ဝင်များ၊ စစ်ဖက်ဆိုင်ရာ အဖွဲ့များ၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်းအဖွဲ့များ၊ လူမှုကူညီရေး အသင်းအဖွဲ့များက လူဦးရေစာရင်း ကောက်ယူခြင်း၊  ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အစားအသောက်များ ဝေငှပေးခြင်း၊ သတ်မှတ်လိုင်းကားများ စီးနင်နိုင်ရန် စီစဉ်ပေးခြင်းများပြုလုပ်၍ မိုင်းယုမြို့မှတစ်ဆင့်  မိုင်းယောင်းမြို့သို့ ထွက်ခွာနိုင်ရန်စီစဉ် ဆောင်ရွက်ပေးခဲ့ကြသည်။

 

Quarantine (၂၁)ရက် နေထိုင်ပြီးသော နေရပ်ပြန် မြန်မာအလုပ်သမား (၅၅၃)ဦးကို မေလ ၄ ရက်နေ့က တစ်ကြိမ်၊ (၆၆၅)ဦးကို မေ ၈ ရက်နေ့က တစ်ကြိမ် စုစုပေါင်း ၁၂၁၈ ဦးတိတိကို နယ်စပ်ဒေသ မိုင်းယုမြို့မှတစ်ဆင့် တောင်ကြီးမြို့သို့ အဆင်ပြေစွာ သက်ဆိုင်ရာတာဝန်ရှိသူများက ပို့ဆောင်ပေးနိုင်ခဲ့ ကြောင်း သိရသည်။

 

ကိုကိုနိုင်(မိုင်းယု)

 

1258