လွိုင်ကော် ၈ မေ
ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၀)(ဒုတိယနေ့) ကို မေလ (၈) ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က ကယားပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ( ၁၃ )ဦး၊ တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၄)ဦး၊ ဗမာတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်(၁)ဦး၊ စုစုပေါင်း(၁၈)ဦး တက်ရောက်ခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း(၉၀)ရာခိုင်နှုန်း တက်ရောက်ကြသောကြောင့် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၀)(ဒုတိယနေ့)ကို စတင်ကျင်းပဆောင်ရွက် ခဲ့သည်။
ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၀) (ဒုတိယနေ့) တွင် အစည်းအဝေး မတက်ရောက်နိုင်၍ ခွင့်ပန်ကြားသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၂)ဦး ရှိသည့်အတွက် အစည်းအဝေးတက်ရောက်မှု အခြေအနေကို လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ အတည်ပြုမှတ်တမ်းတင်ခြင်း ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ကယားပြည်နယ်၏ ပြည်နယ်ဘဏ္ဍာရန်ပုံငွေ အစီအစဉ်တွင်ပါဝင်သောဌာန၊ အဖွဲ့အစည်းများ၏ ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်း လျာထားချက်နှင့် စပ်လျဉ်းပြီး လွှတ်တော်ကိုယ်စားလှယ်များမှ အကြံပြုဆွေးနွေးရန် အမည်စာရင်းတင်သွင်း ထားခြင်းမရှိသည့် အတွက် ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ် သဘောထားရယူခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ထို့နောက် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးမော်မော် တင်သွင်းထားသည့် ကယားပြည်နယ်၏ ပြည်နယ်ဘဏ္ဍာရန်ပုံငွေ အစီအစဉ်တွင်ပါဝင်သောဌာန၊ အဖွဲ့အစည်းများ၏ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်း လျာထားချက်ကို ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေး ကော်မတီ၏ အစီရင်ခံစာနှင့်အညီ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက သဘောတူသည့်အတွက် ပြည်နယ်လွှတ်တော်တွင် အတည်ပြုနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
ထွန်းလေး (ပြန်/ဆက်)