မိုးညှင်း ၈ မေ
ကချင်ပြည်နယ် မိုးညှင်းခရိုင်အတွင်းရှိ မြို့နယ်နှင့် မြို့များတွင် ယခုနှစ်ဆောင်းရာသီ ပဲပုပ်စိုက်ကာ လအတွင်း စိုက်ဧကပေါင်း ၁၆၅၇၃ ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်း ဦးစီးဌာနမှ စာရင်းဇယားများအရ သိရသည်။
မြို့နယ်/မြို့များ၏ ပဲပုပ်စိုက်ပျိုးထုတ်လုပ်မှုများ အနေဖြင့် မိုးညှင်းမြို့နယ်တွင် စိုက်ဧက ၇၀ဝ၀၊ ဟိုပင်မြို့တွင် ၃၅၇၀ ဧက၊ မိုးကောင်းမြို့နယ်တွင် ၁၂၀၁ ဧက၊ ဖားကန့်မြို့နယ်တွင် ဧက ၄၅၀ဝ နှင့် ကာမိုင်းမြို့တွင် ၃၀၂ ဧက စိုက်ပျိုးနိုင်ခဲ့သည်။
ပဲပုပ်စိုက်ပျိုးမှုနှင့် ပတ်သက်၍ မြို့နယ် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သုတေသနအရာရှိ ဦးမြင့်သောင်းက “ဒီမှာက ပဲပုပ်ကို မိုးစပါးရိတ်သိမ်းပြီး သီးထပ်အဖြစ် စိုက်ပျိုးကြတာများတယ်၊ ပဲပုပ်ကို စိုက်ပျိုးခဲ့တာက ၂၀ဝ၀ ခုနှစ် နောက်ပိုင်းမှ စတင်စိုက်ပျိုးခဲ့ကြတယ်၊ ၂၀ဝ၇ ခုနှစ်မှာ ပိုမို စိုက်ပျိုးခဲ့ကြတယ်၊ စိုက်ပျိုးတဲ့ ပဲပုပ်တွေကတော့ ရေဆင်း(၆)၊ ရေဆင်း(၁၁)နဲ့၊ ရေဆင်း(၁၅)တွေကို အဓိကထားစိုက်ပျိုးလာကြတယ်၊ အခုနောက်ပိုင်း ရေဆင်း(၁၅)ကို ပိုမိုစိုက်ပျိုးလာကြတယ်”ဟု ပြောကြားသည်။
မြန်မာတစ်နိုင်ငံလုံးရှိ ပဲပုပ်စိုက်ပျိုးထုတ်လုပ်မှု၏ ၄ ရာခိုင်နှုန်းကို ကချင်ပြည်နယ်အတွင်းစိုက် ပျိုးထုတ်လုပ်ပြီး မိုးညှင်းမြို့နယ်အနေဖြင့် ကချင်ပြည်နယ်ပဲပုပ်စိုက်ပျိုးမှု၏ ၉၀ ရာခိုင်နှုန်းကျော်ကို စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း ဦးမြင့်သောင်းက ဆက်လက်ပြောကြားသည်။
မိုးညှင်းမြို့နယ်အတွင်း စိုက်ပျိုးထွက်ရှိသည့် ပဲပုပ်များကို ဒေသတွင်းရိုးရာ အစားအစာများဖြစ်သည့် ပဲငပိ၊ ပဲပုပ်ခြောက်၊ ဆီတို့ဟူး စသည့်အစားအစာများ ထုတ်လုပ်ရာတွင် အသုံးပြုကြသလို၊ အမျိုးအစားနှင့် အရွယ်အစားအလိုက် ပြည်ပနိုင်ငံများသို့ ရောင်းချရန်ပွဲရုံများသို့ ပို့ဆောင်ရောင်းချမှုများ ရှိပြီး ယခုနှစ် ပဲပုပ်ဈေးနှုန်းအနေဖြင့် လက်ရှိပေါက်ဈေး ၁၅၀ဝ၀ ကျော်ရှိကြောင်း ပဲပုပ်စိုက်ပျိုးသူ တောင်သူများထံမှ သိရသည်။
ကျော်ကျော်ထွေး(ပြန်/ဆက်)


