ရန်ကုန် ၈ မေ
မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)မှ ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေစဉ် ဂီတလောက၌ အသက် မွေးဝမ်းကျောင်းပြုနေသူများကို ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂီတအစည်း အရုံး(ဗဟို) ဒုတိယဥက္ကဋ္ဌ(၃) ဉီးစိုးမိုးက ပြောကြားသည်။
ထိုသို့ကူညီထောက်ပံ့မှုများ ပြုလုပ်ရာတွင် မြန်မာနိုင်ငံဂီတအစည်းအရုံးအနေဖြင့် ၂၀၁၉ သက်ကြီး ကန်တော့ခံ ဂီတပညာရှင် ၁၄၂ ဉီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဂီတအစည်းအရုံးဝင်များ၊ အသင်းဝင်ကတ် သက်တမ်းတိုးထားဆဲ၊ လျှောက်ထားဆဲနှင့် ဂီတလောကတွင် အသက်မွေးဝမ်းကျောင်း ပြုနေသူများကို ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးမည် ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ဂီတသမားတွေဆိုတာက သဘာဝဘေးဒဏ်၊ စစ်ဘေးဒဏ်၊ စီးပွားရေး နိုင်ငံရေးရှုပ်ထွေးတဲ့ အချိန်၊ အခုလို ကိုဗစ်-၁၉ ကပ်ဘေးမှာ ဂီတ၊ အနုပညာနဲ့ အသက်မွေး ဝမ်းကျောင်းတဲ့သူတွေက အရင်ဆုံး ဒီဒဏ် ကို ခံရတယ်။ ဒုက္ခရောက်ကြတယ်။ အခုနိုင်ငံတော်က ကြေငြာ ပေးထားတဲ့ သွားလာမှုကန့်သတ်တဲ့ ၁၄ ရက် ပထမအကြိမ်ပြီးသွားပြီ။ အခု ဒုတိယအကြိမ်မှာ ဂီတမိသားစုဝင်တွေဟာ တော်တော်ဒုက္ခရောက်နေပါပြီ” ဟု ဂီတအစည်းအရုံး(ဗဟို) ဒုတိယဥက္ကဋ္ဌ (၃) ဉီးစိုးမိုးက ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)မှ ကူညီထောက်ပံ့ရာတွင် တစ်ဉီးလျင် ငွေကျပ် တစ်သောင်းနီးပါး တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ငါးသေတ္တာစသော စားနပ်ရိက္ခာများကို ထောက်ပံ့ ဖြန့်ဝေမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတစှ်မ်းလုံး၌ မြန်မာနိုင်ငံဂီတအစည်းအရုံးဝင်သာမက ဂီတဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူ စုစုပေါင်း ၃၆၀ဝ ဉီးနီးပါးရှိကြောင်း သိရသည်။ ယင်းတို့ကို ကူညီထောက်ပံ့မှုများ ပြုလုပ်နိုင်ရေးအတွက် ထုပ်ပိုးမှုများ စတင်နေပြီး မေလ ၁၀ ရက်နေ့ခန့်မှစ၍ သက်ကြီးဂီတ ပညာရှင်ကြီးများအား အိမ်တိုင်ရာရောက် ထောက်ပံ့မှုများ စတင်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဂီတအစည်းအရုံးအနေဖြင့် ကိုဗစ်-၁၉ ကာလကူညီထောက်ပံ့ရေးအဖွဲ့ကို ဖွဲ့စည်းထားပြီး ကိုဗစ်-၁၉ ကင်းစင်ဝေးဝိုင်းဝန်း ကူညီထောက်ပံ့ပေးဟူသော ဆောင်ပုဒ်ဖြင့် ယခုကဲ့သို့ ဂီတပညာရှင်များအား ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်းသိရသည်။ ထိုသို့ထောက်ပံ့ရန်အတွက် ဘဏ္ဍာငွေကို နိုင်ငံတော်သမ္မတဟောင်း ဉီးသိန်းစိန်လှူဒါန်းထားသော ငွေကျပ် သိန်း ၅၀ဝ မှ ထုတ်နှုတ် သုံးစွဲမည်ဖြစ်ကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - Myanmar Music Association


