ရန်ကုန် ၈  မေ

 

ရန်ကုန်တိုင်း ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန(ကညန) လုပ်ငန်းစဉ်များအနက် ကနဦး မှတ်ပုံတင် လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရန်ကုန်ရှိ ရွာသာကြီး၊ထောက်ကြံ့နှင့် နေပြည်တော်၊ မန္တလေးရုံး (၄)ခုကို မေ ၁၁ ရက်တွင် ပြန်ဖွင့်မည်ဖြစ်ကြောင်း အဆိုပါဌာနမှ သိရသည်။

 

ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှု ဦးစီးဌာန(ကညန)အနေဖြင့် ကနဦး မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်သာ ဖွင့်လှစ်မည်ဖြစ်ပြီး ယာဉ်လိုင်စင် သက်တမ်းတိုးခြင်း ၊အမည်ပေါက်ပြောင်းခြင်း၊ ယာဉ်မောင်း လိုင်စင်ပြုလုပ်ခြင်း စသည့် ကညန လုပ်ငန်းစဉ်များ မဆောင်ရွက်နိုင်သေးဘဲ ရုံး(၄)ခုသာ ဖွင့်မည်ဖြစ်ပြီး အခြားရုံးများ ဖွင့်မည်မဟုတ်ကြောင်း သိရသည်။

 

ပြီးခဲ့သည့် မတ် ၂၅ ရက်မှစ၍ ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန(ကညန) အနေဖြင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ ကိုဗစ်-၁၉ ရောဂါ မကူးစက်စေရေးအတွက် လူစုလူဝေး မဖြစ်ပေါ်စေရန် ကညန လုပ်ငန်းစဉ်များအား ခေတ္တရပ်ဆိုင်းထားခဲ့သည်။

 

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ အဓိကရည်မှန်းချက်တာဝန်မှာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး (Road Safety) ဖြစ်ပြီး လုပ်ငန်းတာဝန်များမှာ အများပြည်သူဆိုင်ရာ လမ်းများပေါ်တွင် အသုံးပြုနေသော မော်တော်ယာဉ်များ အန္တရာယ် ကင်းရှင်းစွာ သွားလာ နိုင်ရေးအတွက် ယာဉ်များကိုစစ်ဆေး၍ ဥပဒေနှင့်အညီ မှတ်ပုံတင်ပေးရန်၊ မော်တော်ယာဉ်မောင်းများကို စစ်ဆေး၍ ယာဉ်မောင်းလိုင်စင်များကို ဥပဒေနှင့်အညီ ထုတ်ပေးရန်၊ လမ်းအသုံးပြုသူများလိုက်နာရမည့် စည်းကမ်းချက်များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း၍ ထုတ်ပြန်ရန်နှင့် နိုင်ငံတော်မှ ရသင့်ရထိုက် သည့် ယာဉ်နှင့်ပတ်သက်သော အခငွေများကို ဥပဒေ၊ နည်းဥပဒေနှင့်အညီ ကောက်ခံရန်တို့ ဖြစ်သည်။

 

 

လက်ရှိ မြန်မာတစ်ပြည်လုံးတွင် မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်အစီးရေ ၁၁ သိန်းခန့် ရှိသည့်အနက် ရန်ကုန်တိုင်းဒေသကြီးတွင် အစီးရေ ၅၄၀ဝ၀ဝ ကျော် ရှိကြောင်း ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

 

ငြိမ်းငြိမ်း