ရန်ကုန် ၈ မေ
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ နိုင်ငံတကာခရီးစဉ်များ ပျံသန်းပြေးဆွဲမှုကို ရပ်နားထားသော်လည်း ကယ်ဆယ်ရေးနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေး ခရီးစဉ်များမှာမူ ဆက်လက်ပျံသန်းပြေးဆွဲလျက်ရှိကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို စီမံခန့်ခွဲလျက်ရှိသော ရန်ကုန်အေရိုဒရုန်းကုမ္ပဏီ၏ ထုတ်ပြန်ချက်များအရ သိရသည်။
နိုင်ငံတကာခရီးစဉ်များ ပျံသန်းပြေးဆွဲမှုကို ဧပြီ ၂၄ ရက်မှစတင်ကာ ခေတ္တရပ်နားထားခဲ့ပြီး အဆိုပါရပ်နားမှုကို မေ ၁၅ ရက်အထိ ထပ်မံတိုးမြှင့်ထားပြီး ပြည်တွင်းပျံသန်းလျက်ရှိသော လေကြောင်းလိုင်းများမှာမူ ခရီးစဉ်များရပ်ဆိုင်းမှုမရှိဘဲ ပျံသန်းမှုအကြိမ်ရေ လျှော့ချပြေးဆွဲလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ အဓိကလေကြောင်းဝင်ထွက်ပေါက်ဖြစ်သော ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ နိုင်ငံတကာ လေကြောင်းပျံသန်းပြေးဆွဲမှု ဆိုင်းငံ့ထားချိန်မှစ၍ ယနေ့အထိ မြန်မာအမျိုးသားလေကြောင်းလိုင်းနှင့် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းတို့အပါအဝင် ပြည်ပလေကြောင်းလိုင်းအသီးသီးမှ ကယ်ဆယ်ရေးနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေး အထူးခရီးစဉ်စုစုပေါင်း ၈၁ ခု ပျံသန်းပြေးဆွဲပေးခဲ့ကြောင်း သိရသည်။
အဆိုပါခရီးစဉ်များသည် နိုင်ငံတစ်ဝှမ်းလိုအပ်နေသော ဆေးဝါးဆိုင်ရာထောက်ပံ့မှုများကို ပြုလုပ်ပေးနိုင်ခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်ပျံ့နှံမှုကို ထိန်းချုပ်ကာကွယ်ရာတွင် လိုအပ်သည့် ထောက်ပံ့ပစ္စည်းများကို ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။ အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးလေယာဉ်များ စေလွှတ်ရာတွင် နိုင်ငံအလိုက် ပြည်ဝင်ခွင့် ကန့်သတ်ချက်များကြောင့် သက်ဆိုင်ရာနိုင်ငံနှင့် မြန်မာအစိုးရတို့ ပူးပေါင်းချိတ်ဆက်ပြီး ညှိနှိုင်းဆောင်ရွက်ခဲ့ရကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - YACL


