နေပြည်တော် ၈ မေ
ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံ ရင်ဆိုင်ကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် နိုင်ငံ၏ အခြေခံကျသည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းကဏ္ဍအပေါ် သက်ရောက်လာနိုင်မည့် အခက်အခဲများအား တုံ့ပြန်ဆောင်ရွက်နိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် အခက်အခဲကြားမှ အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရေး လုပ်ငန်းစဉ်များ ချမှတ်နိုင်ရန် ဌာနဆိုင်ရာများ၊ အသင်း အဖွဲ့များ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ ပူးပေါင်းပါဝင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် Video Conferencing ဖြင့် ဆွေးနွေးခြင်းအစီအစဉ်အား ယနေ့ မွန်းလွဲ ၁ နာရီက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် ကျင်းပသည်။
ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဦးလှကျော်က လတ်တလော တုံ့ပြန်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ကူးစက်ရောဂါ ထိန်းချုပ်နိုင်ပြီး နောက်ပိုင်းကာလများတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရာ၌ ကဏ္ဍအသီးသီးမှ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားသည်။
အဆိုပါ အစီအစဉ်တွင် လယ်ယာကဏ္ဍကျွမ်းကျင်သူများ၊ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးသွင်းအားစု လုပ်ငန်းရှင်များ၊ မျိုးစေ့လုပ်ငန်းရှင်များ ပါဝင်တက်ရောက်ပြီး Video Conferencing မှတစ်ဆင့် ကဏ္ဍအလိုက် ပါဝင်ဆွေးနွေးကြသည်။
ဆွေးနွေးပွဲတွင် ဆန်စပါး စိုက်ပျိုးစရိတ်ချေးငွေဆိုင်ရာ ကိစ္စရပ်များ၊ ဆန်စပါးစျေးကွက် အခြေအနေများ၊ စိုက်ပျိုးရေးသွင်းအားစု လုပ်ငန်းများဆိုင်ရာ လိုအပ်ချက်များ၊ အရေးကြီးသီးနှံများ စိုက်ပျိုးစရိတ်ချေးငွေဆိုင်ရာ ကိစ္စရပ်များ၊ စိုက်ပျိုးထုတ်လုပ်သူများ၏ ထုတ်လုပ်မှု ပမာဏနှင့် စျေးနှုန်းတည်ငြိမ်ရေး ဆောင်ရွက်ရန် လိုအပ်ချက်များ၊ စားနပ်ရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးမွေးမြူရေး ထုတ်လုပ်မှုကို အခြေခံသည့် အလုပ်အကိုင်အခွင့်အလမ်း ဆောင်ရွက်နိုင်ရေး၊ ဦးစားပေးသီးနှံ အမယ်အလိုက် ထောက်ပံ့အားပေးမှု ဆောင်ရွက်နိုင်ရေး၊ စိုက်ပျိုး မွေးမြူ ထုတ်လုပ်မှု၊ ထွက်ရှိမှု၊ သိုလှောင်မှု၊ ဖြန့်ဖြူးမှုနှင့် လေလွင့်မှုဆိုင်ရာ တိကျသည့် သတင်းအချက်အလက် စုစည်းနိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စိုက်ပျိုး မွေးမြူရေး သွင်းအားစုများနှင့် စိုက်ပျိုး မွေးမြူရေး ထွက်ကုန်များ တင်သွင်း တင်ပို့မှု လျင်မြန်ချောမွေ့စေရေး အစီအမံများ ထည့်သွင်းရေးဆွဲနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


