လူ့ခန္ဓာကိုယ်ရဲ့ အဓိကစနစ်ကြီးများဟာ ကောင်းစွာလည်ပတ်နိုင်ဖို့ ရေဓာတ်ကို လိုအပ်ပါတယ်။ ရေကို လုံလောက်စွာ သောက်သုံးမှသာ

 

ကိုယ်ခန္ဓာအပူချိန် ထိန်းညှိနိုင်ခြင်း

ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်ခြင်း

အညစ်အကြေးများစွန့်နိုင်ခြင်း

ကိုယ်ခန္ဓာ၏ အဓိကလုပ်ငန်းဆောင်တာများ ဆောင်ရွက်နိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။

 

ရာသီဥတုပူအိုက်ချိန်၊ လှုပ်ရှားမှုများချိန်တွေမှာ ရေကိုပိုပြီးဂရုစိုက် သောက်သုံးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ရေကို အလွန်အကျွံသောက်သုံးမိရင်လည်း အန္တရာယ်ဖြစ်နိုင်ပါတယ်။

 

ရေကို အလွန်အကျွံသောက်မိရင် ရေဆိပ်သင့်ခြင်း ဖြစ်နိုင်ပါတယ်။ ကိုယ်ခန္ဓာထဲမှာ ဆားနဲ့ တခြားဓာတ်ဆား ပမာဏဟာ အရမ်းကို အားပျော့သွားတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဆိုဒီယမ် (ဆား) နည်းသွားတဲ့ အခြေအနေကို hyponatremia လို့ ခေါ်ပါတယ်။ ရေဓာတ်များလာခြင်းကြောင့် ဖြစ်ပါတယ်။ ဓာတ်ဆားတွေဟာ ရုတ်တရက် ကျဆင်းသွားရင် အသက်အန္တရာယ်ထိ ဖြစ်နိုင်ပါတယ်။ ရေဓာတ်လွန်ကဲခြင်းကြောင့် သေဆုံးတာ ရှားပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ပါတယ်။

 

ရေဓာတ်လွန်ကဲတဲ့ အခြေအနေနှစ်မျိုး ရှိပါတယ်။ အဲ့ဒါတွေကတော့

 

ရေသောက်သုံးမှုများခြင်း။ သင့်ရဲ့ကျောက်ကပ်က စွန့်ထုတ်နေတဲ့ပမာဏထက် ပိုမိုသောက်သုံးမိတဲ့ အခြေအနေ ဖြစ်ပါတယ်။ သွေးထဲမှာ ရေအလွန်များသွားပါတယ်။

ရေကို ထိန်းထားခြင်း။ ကိုယ်ခန္ဓာကနေ စွန့်သင့်တဲ့ပမာဏလောက် မစွန့်ထုတ်ဘဲ ဆွဲထိန်းထားတဲ့ အခြေအနေ ဖြစ်ပါတယ်။ ရောဂါတချို့ကြောင့် ရေကို ကိုယ်ခန္ဓာထဲကနေ မစွန့်ထုတ်နိုင်ဘဲ ဖြစ်တတ်ပါတယ်။

 

နှစ်မျိုးစလုံးဟာ ရေနဲ့ ဆိုဒီယမ် ဟန်ချက်မညီခြင်းကြောင့်ဖြစ်တာမို့ အန္တရာယ်ရှိပါတယ်။

 

ရေကို အလွန်အကျွံသောက်ပြီး စွန့်ထုတ်သင့်သလောက် မစွန့်ထုတ်နိုင်ရင် ကိုယ်ခန္ဓာထဲမှာ ရေတွေ များပြားလာမှာ ဖြစ်ပါတယ်။ သွေးထဲမှာရှိတဲ့ အရေးကြီးတဲ့ အရာတွေကို ကျဲပြီး အားပျော့သွားစေမှာ ဖြစ်ပါတယ်။

 

ကျန်းမာသန်စွမ်းတဲ့ အရွယ်ရောက်ပြီးလူတယောက်ဟာ တနေ့ကို ရေ ၇၈ မှ ၁၀ဝ အောင်စ (၉ခွက်မှ ၁၃ခွက်) ပျမ်းမျှသောက်သုံးသင့်တယ်လို့ သိရပါတယ်။ ဒါ့အပြင် တစ်နေ့တာ ရေလိုအပ်ချက်ဟာ အသက်အရွယ်၊ ကျားမ ကွဲပြားမှု၊ ရာသီဥတု၊ လှုပ်ရှားမှုပမာဏ စတဲ့အချက်တွေပေါ်လည်း မူတည် ပါသေးတယ်။

 

ရောဂါတချို့နဲ့ ဆေးဝါးများဟာ သင့်ခန္ဓာကိုယ်ထဲမှာ ရေကိုထိန်းသိမ်းထားတာကြောင့် ရေဓာတ် လွန်ကဲခြင်း ဖြစ်တတ်ပါတယ်။ အဆိုပါအခြေအနေတွေကတော့

 

နှလုံးကောင်းစွာအလုပ်မလုပ်ခြင်း

အသည်းရောဂါ

ကျောက်ကပ်ရောဂါ

စတီးရွိုက်မဟုတ်သော အကိုက်အခဲပျောက်ဆေးများသုံးစွဲခြင်း

ဆီးချိုမထိန်းနိုင်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

 

သင့်ကို ရေအလွန်အမင်းငတ်စေပြီး ရေကိုပိုမိုသောက်သုံးရာကတဆင့် ရေဓာတ်လွန်ကဲစေတဲ့ အခြေအနေတွေလည်း ရှိပါသေးတယ်။ အဲ့ဒါတွေကတော့

 

စိတ်ကစဉ့်ကလျားဖြစ်ခြင်း

စိတ်ကြွဆေးများသုံးစွဲခြင်း

စိတ်ကျန်းမာရေးကုသဆေးများသုံးစွဲခြင်း

ဆီးဆေးများသုံးစွဲခြင်း စတာတွေ ဖြစ်ပါတယ်။

 

ဘယ်သူတွေမှာ ပိုဖြစ်တတ်လဲ

 

အင်အားသုံးရတဲ့ အားကစားသမားတွေမှာ လေ့ကျင့်ခန်းမလုပ်မီနဲ့ ပြုလုပ်အပြီးမှာ ရေအများအပြား သောက်တတ်ပြီး ရေဓာတ်လွန်ကဲခြင်း ဖြစ်တတ်ပါတယ်။ မာရသွန်အပြေးသမားများ၊ စက်ဘီးစီး အားကစားသမားများ၊ ရဂ်ဘီကစားသမားများ၊ လှေလှော်အားကစားသမားများ၊ လေ့ကျင့်ခန်း အပြင်းအထန် ပြုလုပ်သော စစ်သားများ၊ တောင်တက်သူများ စသူတွေမှာ ဖြစ်တတ်ပါတယ်။

 

ရေဓာတ်လွန်ကဲခြင်းလက္ခဏာများ

 

ရေဓာတ်လွန်ကဲတဲ့ အခြေအနေကို အစပိုင်းမှာ သတိမထားမိတတ်ပါဘူး။ တဖြည်းဖြည်းချင်းနဲ့ တွေ့လာရတာတွေကတော့

 

ပျို့တက်ခြင်း၊ အန်ခြင်း

ခေါင်းကိုက်ခြင်း

အာရုံရှုပ်ထွေးခြင်း၊ အချိန်နေရာ မခွဲခြားနိုင်ခြင်း စသည့် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်ပေါ်ခြင်း စတာတွေ ဖြစ်ပါတယ်။

 

ရေဓာတ်လွန်ကဲခြင်းကို မကုသဘဲထားလိုက်ရင် သွေးထဲမှာ ဆိုဒီယမ်ဟာ စိုးရိမ်ဖွယ်ရာ ကျဆင်းသွားနိုင်ပါတယ်။ အဲဒီအချိန်မှာ ပိုဆိုးတဲ့လက္ခဏာတွေ ပေါ်လာတတ်ပါတယ်။ အဆိုပါ လက္ခဏာ တွေကတော့

 

ကြွက်သားများ အားနည်းခြင်း၊ အကြောဆွဲခြင်း၊ ကြွက်တက်ခြင်း

တက်ခြင်း

သတိလစ်ခြင်း

ကိုမာဝင်ပြီး မေ့မြောခြင်း စတာတွေပဲ ဖြစ်ပါတယ်။

 

ရေဓာတ်လွန်ကဲခြင်းကို ဘယ်လိုကုသနိုင်သလဲ ကုသရာမှာပါဝင်တဲ့ နည်းလမ်းတွေကတော့

 

အရည်များသောက်သုံးမှုကို ရပ်တန့်ခြင်း

လိုအပ်လျှင် ဆီးဆေးပေးခြင်း

ရေဓာတ်လွန်ကဲခြင်းဖြစ်ပေါ်စေသော အခြေအနေများကို ထိန်းချုပ်ကုသခြင်း

ဆေးဝါးများကြောင့်ဖြစ်လျှင် သုံးစွဲမှုရပ်တန့်ခြင်း

ဆိုဒီယမ်ပေးခြင်း စတာတွေ ဖြစ်ပါတယ်။

 

သတိပြုရမှာကတော့ အဆိုပါကုသမှုနည်းလမ်းတွေကို နားလည်တတ်ကျွမ်းသူ ဆရာဝန်များဆီမှာပဲ ကုသမှု ခံယူရမှာ ဖြစ်ပါတယ်။ ဆေးဝါးများကို မိမိသဘောနဲ့ ရပ်တန့်ခြင်း၊ သုံးစွဲခြင်းများ မပြုသင့်ပါဘူး။

 

ဘယ်လိုကာကွယ်မလဲ

 

အားကစားသမားများအနေနဲ့ လေ့ကျင့်ခန်းမပြုလုပ်မီနဲ့ ပြုလုပ်ပြီးချိန် ရေကိုပြန်လည်ဖြည့်တင်းရာမှာ ဘယ်လောက်ဆုံးရှုံးထားသလဲ၊ ဘယ်လောက်ပြန်ဖြည့်မလဲ စဉ်းစားတွက်ချက်ပြီးမှ သောက်သုံး သင့်ပါတယ်။ ကိုယ်အလေးချိန်မှာ တပေါင်လောက်လျော့သွားရင် အရည်များကို ၁၆ အောင်စကနေ ၂၀ အောင်စအထိ ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။

 

လေ့ကျင့်ခန်းပြုလုပ်နေစဉ်မှာ တနာရီကို အရည် ၂ခွက်က ၄ခွက်အထိ သောက်နိုင်ပါတယ်။ တနာရီထက် ကြာရင်တော့ အားကစားသမားတွေအတွက် ထုတ်လုပ်ထားတဲ့ ဖျော်ရည်တွေ သောက်သုံးနိုင်ပါတယ်။ အဆိုပါဖျော်ရည်တွေမှာ သကြားအပြင် ဆိုဒီယမ်၊ ပိုတက်ဆီယမ် စတဲ့ ဓာတ်ဆားတွေလည်း ပါဝင်ပါတယ်။

 

ဆီးချို၊ နှလုံး၊ ကျောက်ကပ် ရောဂါရှိသူများအနေနဲ့ ဆရာဝန်နဲ့ ပုံမှန်ပြသသင့်ပါတယ်။ ပုံမှန်မဟုတ်ဘဲ ရေအလွန်အမင်းငတ်နေရင် ဆရာဝန်ပြသသင့်ပါတယ်။ ဆေးဝါးများကို ဆရာဝန်နဲ့ မတိုင်ပင်ဘဲ မိမိသဘောနဲ့ တိုးသောက်ခြင်း၊ ရပ်တန့်ခြင်းများ မပြုရပါဘူး။

 

ရေးသားသူ Dr.Thant Zin

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

 “ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”