တနင်္သာရီ ၉ မေ
တနင်္သာရီတိုင်ဒေသကြီး မြိတ်ခရိုင်မှ တနင်္သာရီ-ဘုတ်ပြင်း-ကော့သောင်းမြို့သို့ သွားသည့် မြိတ်-တနင်္သာရီပြည်ထောင်စုလမ်းမကြီး၏ မိုင်တိုင်အမှတ်(၄၉/၄)နှင့်(၄၉/၆)အကြားရှိ တနင်္သာရီမြစ်ကိုဖြတ်ပြီး တည်ဆောက်လျက်ရှိသော တနင်္သာရီမြစ်ကူးတံတားသစ်အား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဉီးစီးဌာန တည်ဆောက်ရေးအဖွဲ့(၄)မှ ညွှန်ကြားရေးမှူး(မြို့ပြ) ဉီးကျော်မျိုးထွန်းနှင့် တံတားတည်ဆောက်ရေးအဖွဲ့က တာဝန်ယူ၍ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှ စတင်ကာ ယခင်တနင်္သာရီ တံတားအဟောင်းနှင့် ဘေးချင်းယှဉ်ကာ ဆောက်လုပ်လျက်ရှိသည်။
အဆိုပါတံတားသည် ယနေ့အချိန်တွင် (ချဉ်းကပ်လမ်းအပါအဝင်) ဆောက်ရေးစီမံကိန်းလုပ်ငန်း၏ (၉၅)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး တံတား၏လက်ရန်းနှင့် လူသွားလမ်း ပလက်ဖောင်း အနည်းငယ်သာကျန်ရှိတော့ကာ ၂၀၂၀ပြည့်နှစ်၊ မေလ(၃၁)ရက်တွင် ရာနှုန်းပြည့် ပြီးစီးမည်ဖြစ်ကြောင်း တံတားတည်ဆောက်ရေးအဖွဲ့(၄)မှ လက်ထောက်ညွှန်ကြားရေးမှူး ဉီးဝင်းအောင်ထံမှ သိရှိရသည်။
အဆိုပါတံတား တည်ဆောက်ရေးစီမံကိန်းလုပ်ငန်း ခန့်မှန်းတန်ဖိုးမှာ(ချဉ်းကပ်လမ်းအပါအဝင်) ငွေကျပ် (၁၂ ဒဿမ ၆) ဘီလီယံဖြစ်ပြီး၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ကုန်ကျခံဆောက်လုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
၎င်းတံတားသစ်၏ အရှည်မှာ (၁၄၄၄)ပေ၊ ယာဉ်သွားလမ်းအကျယ်မှာ(၂၈)ပေ၊ လူသွားလမ်းက တစ်ဖက်လျှင်(၄)ပေအကျယ်စီ၊ ရေလမ်းကင်းလွှတ်အကျယ်မှာ(၁၆၄)ပေ၊ ရေလမ်းကင်းလွတ် အမြင့်မှာ(၃၃)ပေဖြစ်သည်။
တံတားအမျိုးအစားမှာ (က) အောက်ခြေအုတ်မြစ်(1.5)mQ ဘိုးပိုင်၊ (ခ)RC ကွန်ကရစ်ကိုယ်ထည်ဖြစ်ပြီး၊ (ဂ)အပေါ်ထည်မှာ RC Girder, PC Girder, Steel Box Girder နှင့် RC Decking တို့ဖြစ်ကာ ယာဉ်နှင့်ကုန်(၇၅)တန် ဖြတ်သန်းသွားလာနိုင်မည်ဖြစ်သည်။
ယခင်တနင်္သာရီတံတားအဟောင်းသည် လွန်ခဲ့သော(၁၉၉၉)ခုနှစ်၊ ဇွန်လတွင် ဆောက်လုပ်ခဲ့သည့် ဘေလီသံကူကွန်ကရစ်အမျိုးအစားဖြစ်၍၊ နှစ်ကာလကြာမြင့်လာသည်နှင့်အမျှ သဘာဝ ရာသီဥတုဒဏ်များနှင့် နေ့စဉ်ဖြတ်သန်းသွားလာနေသည့် ကုန်တင်ယာဉ်များဒဏ်ကြောင့် လက်ရှိအချိန်တွင် ကားနှင့်ကုန်ပါ(၁၈)တန်ကိုသာဖြတ်သန်းသွားလာခွင့်ပြုထားပြီး၊ (၁၈)တန်ထက်ပိုတင် ဆောင်လာသည့် ကုန်ပစ္စည်းများအား တန်ပိုစစ်ဆေးရေးဂိတ်မှတစ်ဆင့် အခြားကားငယ်များဖြင့် အကြိမ်ကြိမ်သယ်ယူနေရသဖြင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးမှုများ ဖြစ်ပေါ်စေသည်။
ထို့အပြင် တံတားဟောင်းသည် တစ်လမ်းမောင်းဖြစ်သဖြင့် ယာဉ်ကြောပိတ်ဆို့မှုများကိုလည်းကောင်း မကြာ ခဏကြုံတွေ့ခဲ့ရသည်။ ယခုအခါတွင် နယ်စပ်ကုန်သွယ်ရေးများ ပိုမိုထွန်းကားလာပြီဖြစ်ရာ ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းသွားလာအသုံးနိုင်မည့် ယာဉ်တစ်စီးချင်း ခံနိုင်ဝန်(၇၅)တန်ရှိ နှစ်လမ်းသွား သံပေါင်သံကူကွန်ကရစ်ကြမ်းခင်းအဖြစ် အဆင့်မြှင့်တင်၍ တည်ဆောက်ရခြင်းဖြစ်ကြောင်း တံတားတည်ဆောက်ရေးအဖွဲ့(၄)တာဝန်ခံထံမှ သိရှိရသည်။
၎င်းတနင်္သာရီတံတားသည် (မြန်မာ-ထိုင်း)နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကကျသော အာဆီယံလမ်းမကြီး (AH-112)ပေါ်တွင် တည်ဆောက်ထားသဖြင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေဖြင်း၊ ကုန်သွယ်စီးဆင်းမှု လျင်မြန်ချောမွေ့စေခြင်းနှင့် တနင်္သာရီ-မြိတ်-မော်လမြိုင်-ရန်ကုန်၊ မြိတ်-တနင်္သာရီ-ဘုတ်ပြင်း-ကော့သောင်းနှင့် မြိတ်-တနင်္သာရီ-မောတောင် (နယ်စပ်)မြို့တို့သို့ နေ့ညအချိန်အခါမရွေး အလွယ်တကူသွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)


