ညောင်ဦး ၉  မေ 

           

မြန်မာနိုင်ငံတွင် အိမ်မွေးဆင်ကောင်ရေ ၄၃၀၀ ကျော်ရှိပြီး အိမ်မွေးဆင်များ မှတ်ပုံတင်ခြင်းကို ခေတ်ကာလနှင့်အညီ ပြုပြင်ပြောင်းလဲရန်လိုအပ်မှုအရ မြန်မာ့သစ်လုပ်ငန်းပိုင်ဆင်များ၊ သစ်တောဦးစီးဌာနပိုင်ဆင်များ၊ ပုဂ္ဂလိကပိုင်ဆင်များအား မှတ်ပုံတင် ဂရံပြုလုပ်ရာတွင် ပို၍စနစ်ကျစေရန် ဆင်ဂရံနှင့်ဆင်များ လွဲမှား၊ ပြောင်းလဲခြင်း မပြုလုပ်နိုင်စေရန်အတွက် သစ်တောဦးစီးဌာနမှ ဦးဆောင်ရေးဆွဲထားသည့် Myanmar Elephant Conservation Action Plan (MECAP) အား အကောင်အထည်ဖော်ရန် အိမ်မွေးဆင်များအား ၂၀၂၀ပြည့်နှစ် မတ်လ မှ မေလအတွင်း Microchip တပ်ဆင်ခြင်းအပြီးဆောင်ရွက်မည်ဖြစ်ရာ မေ ၉ ရက်နေ့အထိ ဆင်ကောင်ရေ ၁၀၀၀ ကျော် Microchip တပ်ဆင်ခြင်းလုပ်ငန်းပြီးနေပြီဖြစ်ကြောင်း မြန်မာ့သစ်လုပ်ငန်း၊ လက်ထောက်မန်နေဂျာ ဒေါက်တာမျိုးမင်းအောင်(ဆင်ဆေးကု)ထံမှသိရသည်။

                       

အိမ်မွေးဆင်များအား Microchip တပ်ဆင်ခြင်းလုပ်ငန်းများကို သစ်တောဦးစီးဌာနနှင့် သစ်လုပ်ငန်းတို့မှ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်လျက်ရှိပြီး ထိုသို့လုပ်ဆောင်ခြင်းကြောင့် မြန်မာနိုင်ငံရှိအိမ်မွေးဆင်ကောင်ရေ ပို၍တိကျစွာ ရရှိနိုင်ခြင်း၊ ဆင်ဂရံများ Digital စနစ်ဖြင့်ထိန်းသိမ်ထားနိုင်ခြင်း၊ အိမ်မွေးဆင်များသေဆုံးပါက တောဆင်များနှင့်အစားထိုး သည့် မသမာမှုများ ကာကွယ်တားဆီးနိုင်ခြင်း၊ အိမ်မွေးဆင်များ မှတ်ပုံတင်ခနှင့်ဂရံငွေများရရှိပါက နိုင်ငံတော်ဝင်ငွေရရှိနိုင်ခြင်း၊ ပုဂ္ဂလိကဆင်ပိုင်ရှင်များအနေဖြင့်လည်း ဆင်ပိုင်ဆိုင်မှု တရားဝင်အထောက်အထား စနစ်တကျရရှိနိုင်ခြင်းတို့ကြောင့် ပြည်သူနှင့်နိုင်ငံတော်နှစ်ဦးနှစ်ဖက် အကျိုးရှိမည့် Win Win Prject ဖြစ်ခြင်းကြောင့် မြန်မာ့သစ်လုပ်ငန်း၊ သစ်တောဦးစီးဌာန ပုဂ္ဂလိကဆင်ပိုင်ရှင်များနှင့် NGO အဖွဲ့တို့ စနစ်တကျ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ Microchip တပ်ဆင်ခြင်းအား ငါးနှစ်အထက်ဆင်များနှင့် မှိန်းသင်ပြီး ဆင်များတွင်သာ ဆောင်ရွက်ရမည်ဖြစ်ကာဆင်များ၏ ဝဲဘက်လည်ပင်းတစ်နေရာတည်းသာ ထိုးသွင်းရန် သတ်မှတ်ထားပြီး Scanner စက်ဖြင့် ဖတ်ပါကတပ်ဆင်ထားသည့် Microchip နံပါတ်ပေါ်လာမည်ဖြစ်သဖြင့် ဆင်များလွဲမှားမှုမဖြစ်နိုင်ကြောင်း ပလင်းကမ်းသာဆင်စခန်းတာဝန်ခံဦးမျိုးမင်းကို(လက်ထောက်မန်နေဂျာ)ထံက သိရသည်။

           

ယခုအခါ ဆင်များ Microchip တပ်ဆင်ခြင်းလုပ်ငန်းအား လုပ်ဆောင်လျက်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီးအနောက်ပိုင်းရှိ ဆင်(၂၀၀)ကောင် ၊စစ်ကိုင်းတိုင်းဒေသကြီး အရှေ့ပိုင်းရှိ ဆင်ကောင်ရေ(၃၀၀)ကောင်၊ မကွေးတိုင်းဒေသကြီးအတွင်း ဆင်(၁၀၀)ကောင်၊ ဧရာဝတီတိုင်းဒေသကြီးရှိ ဆင်(၁၀၀)ကောင်ခန့်၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ရှိ ဆင်ကောင် ရေ(၁၀၀)ခန့်တို့အား Microchip တပ်ဆင်ခြင်းလုပ်ငန်းများ ပြီးစီးပြီဖြစ်ရာ သယံဇာတနှင့်သ ဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်းပိုင်ဆင်ကောင်ရေ ၁၀၀၀ ကျော်ခန့် Microchip တပ်ဆင်ခြင်းများဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ မြန်မာ့သစ် လုပ်ငန်းပိုင် ဆင်ကောင်ရေ ၃၁၄၂ ကောင်ရှိပြီး အမိနောက်လိုက်ဆင်ပေါက် ၅၂၈ကောင်ရှိကြောင်း သိရသည်။

                                                                                   

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)