မိတ္ထီလာ ၉ မေ
မိတ္ထီလာမြို့နယ်၌ သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေသော အရာတော်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ယနေ့ နံနက် ၁၀နာရီက သောက်သုံးရေများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာများတွင် သောက်သုံးရေ အခက်အခဲဖြစ်ပေါ်လာ၍ အကူအညီတောင်းခံလာပါက ကျေးရွာများသို့ မီးသတ်ရေသယ်ယာဉ်များဖြင့် အရောက်သွား၍ သောက်သုံးရေများအား လှူဒါန်းလျက်ရှိရာ သောက်သုံးရေ လိုအပ်လျက်ရှိသည့် အရာတော်ကျေးရွာအုပ်စု အရာတော်ကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များ သောက်သုံးရေ အဆင်ပြေစေရန်အတွက် မီးသတ်ဦးစီးဌာနမှ သန္ဓေတပ်ဖွဲ့ဝင်များက ဂါလန် ၃၂၀၀ ဆံ့ မီးသတ်ရေသယ်ယာဉ်ဖြင့် သောက်သုံးရေများ သွားရောက် လှူဒါန်းပေးခဲ့ကြောင်း ခရိုင်မီးသတ် ဦးစီးမှူး ဦးကျော်ဆန်းက ပြေကြားခဲ့သည်။
၎င်းအပြင် သောက်သုံးရေလိုအပ်လျက်ရှိသည့် ရေချိုကျေးရွာ၊ ညောင်ပင်ကုန်းကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ဂဠုံကုန်းကျေးရွာမှ ဒေသခံများ သောက်သုံးရေ အဆင်ပြေစေရန်အတွက် မီးသတ်ဦးစီးဌာနမှ သန္ဓေတပ်ဖွဲ့ဝင်များက မီးသတ်ရေသယ်ယာဉ်ဖြင့် သွားရောက်၍ လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


