မိုးညှင်း ၉   မေ

 

ကချင်ပြည်နယ်မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင် ရေးအတွက် ဖွင့်လှစ်ထားသည့် အသွားအလာကန့်သတ်စောင့်ကြည့်စခန်းများတွင် စောစောရှာ Mobile Application အသုံးပြုခြင်းနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးခြင်းကို ယနေ့ နံနက် ၈ နာရီတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက လှည့်လည်ဆောင်ရွက်ခဲ့ကြသည်။

 

အသိပညာပေးမှုအနေဖြင့် ပုညရှင်စက္ခုပါလဆေးရုံနှင့် အထက-၁ ကျောင်းများရှိ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိသူ ၅၅ ဦးတို့အား မိမိတို့ မိုဘိုင်းဖုန်းများတွင် စောစောရှာ Application ရယူနိုင်မည့်နည်းလမ်းများနှင့် အဆိုပါ Application သုံးစွဲခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ အ ကြောင်းကို ခရိုင်ဦးစီးအရာရှိ ဒေါ်ကြည်ကြည်နှောင်းက ရှင်းလင်းပြောကြားခဲ့သည်။

           

စောစောရှာ  Mobile Application ကိုမိမိတို့ဖုန်းများတွင် ထည့်သွင်းအသုံးပြုခြင်းကြောင့်၊ ရောဂါကူးစက်ခံထားရသူနှင့် ထိတွေ့ခဲ့နိုင်မှုအခြေအနေကို နေရာ၊အချိန်တို့နှင့် ဆက်စပ်၍ သိရှိနိုင်ခြင်း၊ ရောဂါကူးစက်ခံထားရသူ သွားလာခဲ့သည့်နေရာများစာရင်းကို ယခု Application အသုံးပြုသူများအနက်မှ အဆိုပါနေရာများသို့ သွားလာခဲ့သူများကို သတိပေးချက် ဆောလျင်စွာပေးပို့နိုင်ခြင်းကြောင့် မိမိအနေဖြင့် ရောဂါကူးစက်ခံထားရသူနှင့် အတူရှိနေခဲ့ခြင်းနှင့် ထိတွေ့ခဲ့မှုရှိ/မရှိ ဆောလျင်စွာသိရှိနိုင်ခြင်း၊ ပုံမှန်နေထိုင်စဉ်နှင့် အသွားအလာ ကန့်သတ်စောင့်ကြည့်ခံနေရသည့် ကာလအတွင်း မိမိ၏ကျန်းမာရေးအခြေအနေကို သတင်းပေးပို့နိုင်သဖြင့် လိုအပ်ပါက ကုသမှုအကူအညီကို ဆောလျင်စွာ ရရှိနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း Coronavirus Disease 2019 (COVID-19)ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်များအရ သိရသည်။

                                                                                                         

ကျော်ကျော်ထွေး(ပြန်/ဆက်)