မြင်းမူ ၉ မေလ
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ စိုင်မြစ်ကျေးရွာတွင် မေ ၈ ရက်နေ့က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူဦးရေ (၁၈၁)ဦး အိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့သည်။
အဆိုပါ မီးဘေးသင့် ပြည်သူများအတွက် လတ်တလောလိုအပ်သည့် ကယ်ဆယ်ရေး ပစ္စည်းများကို စစ်ကိုင်းတိုင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လယ်နေရာချထားရေး ဦးစီးဌာနက ယနေ့နံနက်ပိုင်းတွင် လာရောက်ထောက်ပံ့ ပေးအပ်ခဲ့သည်။
ထောက်ပံ့ပစ္စည်းများကို စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှုး စဝီလီဖရန့်၊ အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းမြင့်၊ အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီလာလွင်၊ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးတင်အောင်လွင်နှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ယင်းကျေးရွာသည် မေ ၈ ရက် ညနေပိုင်းက အိမ်ခြေ (၄၅) အိမ် မီးလောင်ကျွမ်းမှု ဖြစ်စဉ်ကြောင့် အိမ်ထောင်စု (၅၂) စုမှ လူဦးရေ (၁၈၁) ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲကြောင်း မြို့နယ်မီးဘေးကယ်ဆယ်ရေးနင့် ပြန်လည်နေရာချထားရေး အဖွဲ့ခေါင်းဆောင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းထံမှ သိရှိရသည်။
မီးဘေးသင့်ပြည်သူများအား ယင်းကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်းတွင် ယာယီစခန်း ဖွင့်လှစ်ထားရှိပြီး ကျန်းမာရေးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်း၊ အများပြည်သူ စေတနာရှင်များ လာရောက်လှူဒါန်းမှုများကို စနစ်တကျ ပြန်လည်ပေးဝေခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)


