မုံရွာ ၉ မေ
မုံရွာမြို့၊ ခတ္တကန်တောင်ကျေးရွာ ဗောဓိတထောင် ဆင်ထိန်းသိမ်းရေးစခန်းရှိ ဆင်များအတွက် မုံရွာမြို့ အိမ်ခြံမြေဝန်ဆောင်မှု အသင်းမှ ယနေ့ နံနက်ပိုင်းတွင် ဆင်စာများ လာရောက်လှူဒါန်းခဲ့ကြောင်း ဗောဓိတထောင် ဆင်ထိန်းသိမ်းရေးစခန်းတာဝန်ခံ မုံရွာသစ်ထုတ်ရေးဒေသ လက်ထောက် မန်နေဂျာ ဦးသက်ဆွေအောင်၏ ပြောကြားချက်အရ သိရသည်။
ဗောဓိတထောင်ဆင်ထိန်းသိမ်းရေးစခန်းသို့ မုံရွာမြို့အိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ ဆန်တစ်တင်းခွဲဝင် အိတ် (၁၀) အိတ်၊ ပြောင်းဖူး (၃၀၀) ဖူး၊ ငှက်ပျောဖီး (၅၀) ဖီးတို့ကို ယနေ့နံနက်ပိုင်းတွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
“ ဆင်တွေရဲ့ အစားအစာတွေ အခက်အခဲဖြစ်နေတယ်လို့ ကြားရတဲ့အတွက် ဆင်တွေအတွက် အဓိကလိုအပ်တဲ့ အစားအစာတွေကို လာရောက်လှူဒါန်းခြင်းဖြစ်ပါတယ်၊ ဆင်တွေအတွက် ပြောင်းဖူး၊ ဆန်၊ ငှက်ပျောသီးတွေကို ဆင်တွေစားနိုင်ဖို့ လာရောက်လှူဒါန်းခြင်းဖြစ်ပါတယ် ” ဟု မုံရွာအိမ်ခြံမြေဝန်ဆောင်မှု အသင်းမှ ဦးအောင်အောင်က ပြောသည်။
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရန်အတွက် ဗောဓိတထောင်ဆင်စခန်းကို မတ် (၂၅) ရက် မှစတင်ပြီး အများပြည်သူများ ဝင်ရောက်လည်ပတ်ခွင့် ပိတ်ထားရာ ၎င်းကာလအတွင်း ၎င်းဆင်စခန်းရှိ ဆင်များ အစားအစာများ ပြတ်လက်မှုမရှိစေရန် မုံရွာမြို့ အိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ လာရောက်လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


