ညောင်ဦး ၉ မေ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ လက်ပံပင်တဲတိုက်ရှိ ကျေးလက်နေပြည်သူများ သောက်သုံးရေ အခက်အခဲ ကြုံတွေ့နေရကြောင်း သိရသဖြင့် ယနေ့ နံနက် ၉ နာရီက ပုဂံမြို့၊ ရတနာဘုံစံတောရ ဓမ္မရိပ်သာကျောင်း ဆရာတော် အရှင်သာဂရ ဦးစီးတည်ထောင်ထားသည့် ဖြူစင်မေတ္တာပရဟိတရေလှူအသင်းနှင့် သုမင်္ဂလာ ပရဟိတရေလှူအသင်းတို့မှ ပရဟိတ အသင်းသားများအဖွဲ့က ရေသယ်ယာဉ်တစ်စီးဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဒေသခံ ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာ သောက်သုံးနိုင်ရေးအတွက် ဂါလန် ၁၅၀၀ ဆံ့ ရေသယ်ယာဉ်တစ်စီးဖြင့် သွားရောက်၍ စနစ်တကျ ခွဲဝေလှူဒါန်းပေးခဲ့ကြောင်း ဖြူစင်မေတ္တာ ပရဟိတရေလှူအသင်းမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဇော်ပွေး ထံမှ သိရသည်။
အဆိုပါ ညောင်ဦးမြို့နယ် လက်ပံပင်တဲတိုက်တွင် အိမ်ခြေ ၅၀ ကျော်ခန့်ရှိပြီး၊ လူဦးရေ ၃၀၀ ကျော် ရှိကြောင်း သိရပြီး ဒေသခံပြည်သူများမှာ စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )


