နေပြည်တော် ၉ မေ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင် စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျှက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဒူကထောင်နယ်မြေ (၄)၊ (၅)၊ (၁၄)၊ တပ်ကုန်း ဂါလိလဲ၊ တပ်ကုန်းဧမာနွေလ IDP စခန်းနှင့် မိုးညှင်းမြို့ရှိ စိန်ပတ်ထရိတ် ဘုရားကျောင်း IDP စခန်း စုစုပေါင်း(၆)ခုသို့သွားရောက်၍ လက်သန့်ဆေးရည်(၁၆၆)ဗူး ထောက်ပံ့ခဲ့သည်။
အလားတူ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အုန်းတောချေ၊ ဘောဒူဖ(၁)၊ ဘောဒူဖ(၂)၊ အုန်းတောကြီး(တောင်)၊ အုန်းတောကြီး(မြောက်)၊ ဒါးပိုင်၊ မော်သီညာ၊ ဘာဆာရာ၊ ဆေးသမားကြီး၊ သဲချောင်း၊ သက္ကေယ်ပြင်နှင့် ခေါင်းဒုက္ကာ IDPစခန်း စုစုပေါင်း(၁၂)ခုသို့ သွားရောက်၍ လက်ဆေးစင် (၁၇၀)အားလည်းကောင်း၊ မဟာမုနိဗုဒ္ဓ ဝိဟာရ၊ မဟာဇေယျသိဒ္ဓိပဌာန်း၊ အလိုတော်ပြည့်၊ ဗုဒ္ဓမော်၊ ဆုတောင်းပြည့်၊ ကယုချောင်း၊ အမျိုးသားကျောင်း၊ ဒက္ခေါင်းကျောင်း၊ နန်းရွှေဂူကျောင်း၊ ဓမ္မာရာမကျောင်း၊ မဏိရတနာကျောင်း၊ ဆည်ကြီးကျောင်း၊ သာသနာ့ ဗိမာန်ကျောင်းနှင့် မဟာအောင်မြေဘုံကျောင်း ယာယီတိုက်ပွဲရှောင်စခန်း စုစုပေါင်း(၁၄)ခုသို့ သွားရောက်၍ လက်ဆေးစင် (၁၄)ခု ထောက်ပံ့ခဲ့သည်။
ထို့ပြင် ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့ရှိ (၃)ရပ်ကွက်ကာသိုလိပ် ဘုရားကျောင်း၊ ကာလိုင်(၁)၊ ကာလိုင်(၂)၊ (၅)ရပ်ကွက် နှစ်ခြင်းအသင်းတော်ရုံးနှင့် (၆)ရပ်ကွက် မူကြိုကျောင်း IDP စခန်း စုစုပေါင်း(၅)ခုသို့ သွားရောက်၍ အပူချိန် တိုင်းကိရိယာ(၁)ခု၊ လက်ဆေးဆပ်ပြာ (၄,၃၈၂)ခဲ၊ ထုံး(၅၀)အိတ်တို့အား ထောက်ပံ့ပေးခဲ့ပြီး စခန်းအတွင်းရှိ လူစုဝေးရာ နေရာများဖြစ်သည့် ရေချိုးခန်း၊ အိမ်သာ၊ လက်ဆေးရာနေရာများ၊ ရေမြောင်းများ၊ အမှိုက်ကန်များအနီးတွင် ထုံးဖြူးပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့် ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများအပြင် အသိပညာ ပေးလုပ်ငန်းများ၊ အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများနှင့် စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးမှုဆိုင်ရာ လုပ်ငန်းများကို နေပြည်တော် ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


