မေ ၉ 

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဧရာဝတီဖောင်ဒေးရှင်းသည် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေသည့် ကာလအတွင်း အမျိုးသမီးဘောလုံးကလပ် အသင်းများနှင့် ဖူဆယ်ကလပ်အသင်းများမှ နည်းပြနှင့် ကစားသမားများအတွက် ဆန်နှင့် အစားအသောက်များ လှူဒါန်းခြင်းကို မေ ၈ ရက်က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရုံး၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၏ အကြံပေး ဦးဘန်နီတင်အောင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ အလုပ်အမှုဆောင်များဖြစ်သည့် ဒေါက်တာရဲမွန်ထွဋ် (ဖူဆယ်ကော်မတီ)၊ ဦးတင်မြင့်အောင် (နည်းပြကော်မတီ)၊ ဒေါ်မြတ်မြတ်ဦး (အမျိုးသမီးဘောလုံးကော်မတီ) နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
                          


အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၏ အကြံပေး ဦးဘန်နီတင်အောင်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင် ဒေါက်တာရဲမွန်ထွဋ်တို့က ကူညီထောက်ပံ့ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၏ အကြံပေး ဦးဘန်နီတင်အောင်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ အလုပ်အမှုဆောင်များဖြစ်သည့် ဒေါက်တာရဲမွန်ထွဋ် (ဖူဆယ်ကော်မတီ)၊ ဦးတင်မြင့်အောင် (နည်းပြကော်မတီ)၊ ဒေါ်မြတ်မြတ်ဦး (အမျိုးသမီးဘောလုံးကော်မတီ) နှင့် တာဝန်ရှိသူများက အမျိုးသမီး ဘောလုံးအသင်းများ၊ ဖူဆယ်ကလပ်အသင်းများမှ တာဝန်ရှိသူများထံ ဆန်၊ ဆီနှင့် ငါးသေတ္တာများ လှူဒါန်းကြသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဧရာဝတီဖောင်ဒေးရှင်းသည် ဖူဆယ်ကလပ်အသင်းများမှ နည်းပြနှင့် ကစားသမား ၂၈၀ ဦး၊ အမျိုးသမီးကလပ်အသင်းများမှ နည်းပြနှင့် ကစားသမား ၂၂၅ ဦးတို့အတွက် လှူဒါန်းခဲ့ခြင်းဖြစ်သည်။

 

ထို့ပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဧရာဝတီဖောင်ဒေးရှင်းသည် COVID-19 ရောဂါကာကွယ်၊ ကုသရေးလုပ်ငန်းများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ တာဝန်ပေးမှုအတိုင်း ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ပြည်ပမှ ပြန်လည်ရောက်ရှိလာသည့် စောင့်ကြည့်ခံရသူ ၁၄၀ ဦးကျော်ကို  ဝေဇယန္ထာလမ်းပေါ်ရှိ အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်) နှင့် သုဝဏ္ဏဘောလုံးကွင်း အတွင်းရှိ လက်ရွေးစင်ကစားသမားများ နားနေဆောင်တို့တွင် ထားရှိပေးထားသည့်အပြင် နေ့စဉ်စားသောက်မှုအတွက်ပါ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။ 

 

COVID-19 ရောဂါကာကွယ်ကုသရေးတွင် ဆောင်ရွက်နေသည့် ဆရာဝန်နှင့် သူနာပြု ၈၀ ဦးကိုလည်း AYA Bank သင်တန်းကျောင်းတွင်ထားရှိကာ နေထိုင်စားသောက်ရေးအပြင် ဆေးရုံများသို့ သွားလာရေးအတွက်ပါ ကြိုပို့ကားများ စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် တည်ထောင်ထားသည့် ဧရာဝတီဖောင်ဒေးရှင်းသည် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ကုသရေး လုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးလျက် ရှိသလို လိုအပ်သည့် နေရာများသို့လည်း လှူဒါန်းမှုများ ပြုလုပ်လျက်ရှိသည်။

 

သတင်း-ဖိုးသော်ဇင်
ဓာတ်ပုံ-ကိုသော်