ရန်ကုန်  ၁၀   မေ

 

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ကိုဗစ်- ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ မြို့နယ်အတွင်း ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ကိုဗစ်- ၁၉ ကာလအတွင်း ပြင်ပဆေးခန်းများ ပိတ်ထားရချိန်တွင် သာမန်ဖျားနာပြည်သူများအား ဆေးကုသပေးနိုင်ရန် အတွက် Fever Clinic ဆေးခန်းကို သန်လျင်အထွေထွေရောဂါကုဆေးရုံ ပြင်ပလူနာဌာန ဆေးကုသဆောင်အနီး၌ ဖွင့်လှစ်ကုသပေးလျက်ရှိပြီး ဖျားနာကုသဆေးခန်းတွင် ပါဝင်ကူညီပေးကြမည့် ဆရာဝန်များ၊ သူနာပြုဆရာမများ၊ စေတနာလုပ်အားရှင်များအား ကျန်းမာရေးအထောက်အကူပြု သင်တန်းကို မေ ၉ ရက် နေ့လယ် ၂ နာရီက အဆိုပါဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

သင်တန်းတွင် ဖျားနာကုသဆေးခန်း၌ ပါဝင်ကူညီကြမည့်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့်အညီ ကျန်းမာရေး တာဝန်ရှိသူများက ဆေးကုသမှုခံယူကြမည့်သူများနှင့် ထိတွေရာတွင် ရှောင်ရန်၊ ဆောင်ရန်များ၊ PPE ဝတ်စုံအား စနစ်တကျ အဆင့်ဆင့် ဝတ်ဆင်နည်းနှင့် အန္တရာယ်ကင်းစွာ ပြန်လည်ချွတ်နည်းများကို လက်တွေ့သင်ကြားပို့ချပေးခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ ဆေးခန်းဖွင့်လှစ် ကုသနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ညွန်ကြားချက်များနှင့်အညီ သန်လျင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ ပရဟိတအဖွဲ့များ၏ ပံ့ပိုးကူညီမှုဖြင့် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။သန်လျင်မြို့နယ်သည် ဝန်ထမ်းအများစုနေထိုင်ရာမြို့ဖြစ်သည်နှင့်အညီ ပြည်သူများ အလွယ်တကူ ဆေးကုနိုင်ရေးအတွက် Fever Clinic ဆေးခန်းအား နေ့စဉ် နံနက်(၉) နာရီမှ မွန်းတည့် (၁၂) နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ပေးထားပြီး ဖျားနာ၊ ချောင်းဆိုး၊ အာသီးယောင် လူနာများအတွက် မည်သူမဆိုလာရောက်ပြသ ဆေးကုသမှုခံယူနိုင်ကြောင်း သိရသည်။

 

သက်ခိုင် (သန်လျင်)