ထားဝယ် ၁၀ မေ
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု)ရန်ပုံငွေဖြင့် မေ ၉ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်း သဘာဝဘေးကြောင့် ပျက်စီးသွားသော လမ်းများအား ပြန်လည်ပြုပြင်လျက်ရှိကြောင်း သိရသည်။
ပြည်ထောင်စု ရန်ပုံငွေကျပ်(၃၀၈ ဒသမ ၇၆၀)သန်းဖြင့် ဆောင်ရွက်နေသော သုဝဏ္ဏဒေဝီကုမ္ပဏီက တင်ဒါ အောင်မြင် တာဝန်ယူဆောင်ရွက်လျက်ရှိသော ရေဖြူမြို့နယ်၊ ပေါက်ပင်ကွင်း - မလွှဲတောင်ကျေးရွာချင်းဆက် ကျောက်ခင်းလမ်း (၄/၀)မိုင်ပေါ်ရှိ RLC.C သံကူကွန်ကရစ်တံတား (၂၅)ပေ (၁)စင်း၊ (၂၀)ပေ (၁)စင်း၊ (၁၀)ပေ (၂)စင်း တည်ဆောက်ခြင်းနှင့် ယင်းလမ်းပိုင်းတွင် သဘာဝဘေးကြောင့် ပျက်စီးသွားသော လမ်းပိုင်းအား ပြန်လည် ပြင်ဆင်ခြင်းလုပ်ငန်း၊ ဖားချောင်း - မြန်မာ ရှင်ထဘီကျေးရွာချင်းဆက်မြေသားလမ်း (၆/၀) မိုင်ပေါ်ရှိ RC.C သံကူကွန်ကရစ်တံတား (၂၅)ပေ (၁)စင်း၊ (၂၀)ပေ (၁)စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ ရာဖူး - စိန်ဘုံ ကျေးရွာချင်း ဆက်ကျောက်ခင်းလမ်း (၅/၁)မိုင်ပေါ်ရှိ (၅)ပေ Box Culvert (၃)စင်းတည်ဆောက်ခြင်းလုပ်ငန်းနှင့် ဒူးတောင် - မြန်မာရှင်ထဘီကျေးရွာချင်းဆက်မြေသားလမ်း (၅/၄)မိုင် ပေါ် ရှိ (၅)ပေ Box Culvert (၄)စင်း တည်ဆောက်ခြင်း လုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိသည်။
ထိုနောက် တိုင်းဒေသကြီးကြီးကြပ်ရေးမှူး၊ ညွှန်ကြားရေးမှူး ဦးရန်လင်းအောင်က တာဝန်ခံအင်ဂျင်နီယာ များအား ပျက်စီးသွားသောလမ်းများကို သတ်မှတ်ကာလအတွင်း သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီ ပြီးစီးအောင် ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(တိုင်းဒေသကြီးပြန်/ဆက်)


