‌ရေဦး ၁၀ မေ

 

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် မြင်းပေါက်ကျေးရွာတွင် ဝါးအုပ်စောင်းပြုလုပ်သူ လုပ်ငန်းရှင်များ ကိုဗစ် -၁၉ ကာလတွင်း  ဈေးရောင်းမထွက်ရ၍ မိသားစုဝင်ငွေအခက်အခဲ ဖြစ်ပေါ်လျက်ရှိကြောင်း  သိရသည်။

 

“မြင်းပေါက်ကျေးရွာမှာ ဝါး‌အုပ်စောင်းယက်လုပ်ငန်းလုပ်ကိုင်သူ  ၆၀ ဦးခန့်ရှိပြီး ကျေးရွာ ထုတ်ကုန်တစ်မျိုးအဖြစ် တန့်ဆည်၊ ဒီပဲယင်း၊  ခင်ဦး၊ ရွှေဘိုနယ်ထိ ဖြန့်ဖြူးရောင်းချလျက်ရှိပါတယ်၊ ကျွန်မပြောချင်တာက လက်ရှိတွေ့ကြုံနေရတဲ့ အခက်အခဲပါပဲ၊ အဲဒါက ကျေး  ရွာအများစုမှာ ကိုဗစ် ၁၉ ကပ်ရောဂါကာလ ကူးစက်ရောဂါထိန်းချုပ်ရေးဆိုပြီး ဟိုရွာက မဝင်ရ၊ ဒီရွာ လာမရောင်းရဆိုတဲ့ အတားအဆီးပိတ်ပင်မှုတွေက ဈေးရောင်းဖို့အခက်တွေ့စေတယ်၊ ဈေးရောင်းထွက်ပြီဆိုရင် အချိန်ပေးရောင်းမှသာ တစ်နေ့တစ်ရက်မဟုတ် တစ်ရက် ဝါးအုပ်စောင်းက ရောင်းလို့ကုန်တယ်၊ ခုဟာက နေ့ချင်းပြန်ရောင်းပါ့မယ်ဆိုတာကိုမှ လက်မခံတဲ့ရွာတွေရှိနေတဲ့အတွက် ဈေးရောင်းရတာ အခက်အခဲဖြစ်ရပါတယ်၊ နှစ်စဉ်ဒီကာလမှာ အုပ်စောင်းရက်လုပ်ငန်းက အဆင်ပြေနေတဲ့ကာလပါ၊ ရောင်းကောင်းတယ်၊ တစ်ရက်ကို ဝင်ငွေကျပ်နှစ်သောင်းခန့်ရှိတယ်၊ ‌ကလေးတွေကျောင်းထားစရိတ် ပူစရာမလိုဘူး၊  ဒီနှစ်ဒီကာလမှာတော့ ဖောက်သည်ယူ နယ်လှည့်ရောင်းတဲ့သူ တွေမလာကြတဲ့ အတွက် မိသားစု ဝင်ငွေပြတ်သလိုဖြစ်လာပြီ” ကိုဗစ်-၁၉ ကာလ တားဆီးပိတ်ပင်မှုကြောင့် အုပ်စောင်းတစ်လုံးမှ မရောင်းရသည့်အတွက် မိသားစုဝင်ငွေ အခက်အခဲကြုံတွေ့နေရမှုနှင့် ပတ်သက်၍ဟု စောင်းလုပ်ငန်းရှင် ရွှေဝါက ပြောပြ၍သိရသည်။

 

သန်းထိုက် (ရေဦး)