ဇီးကုန်း  ၁၀  မေ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ဇီးကုန်းမြို့တွင် ပြည်တွင်းပြည်ပနိုင်ငံများမှ ပြန်လည် ဝင်ရောက်လာသူများအား အသွားအလာ ကန့်သတ်စောင့်ကြည့်ခြင်းကို ဇီးကုန်းမြို့ အထကကျောင်း၌ နေရာထိုင်ခင်းများစီစဉ်၍ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ Volunteers လူငယ်အဖွဲ့များက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဇီးကုန်းမြို့ အထကကျောင်း၌ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူမရှိဘဲ နိုင်ငံအတွင်းရှိ မြို့ကြီးများမှသာ နေရပ်ပြန်များရှိပြီး Quarantine Center ဝင်နေသူ ဧပြီ ၂ ရက်မှ မေ ၇ ရက်အထိ စုစုပေါင်း ၄၅ ဦးရှိရာ စောင့်ကြည့်ရက်ပြည့်၍ ကျန်းမာစွာပြန်သွားသူများလည်းရှိရာတွင် မေ ၉ ရက်ထိ ကိုးဦးသာ ကျန်ရှိတော့ကြောင်း သိရသည်။

 

ပြည်သူများက တက်ကြွစွာ ပူးပေါင်းပါဝင်လျက်ရှိသလို ပြည်ပမှပြန်လည်ဝင်ရောက်လာသူများကို ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဌာနများသို့ အသိပေးရန်လိုအပ်ပြီး ရပ်ကွက်အတွင်းနှင့် ကျေးရွာများတွင်လည်း အသံချဲ့စက်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)