ရန်ကုန်  ၁၀   မေ

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ပြည်သူ့ဆေးရုံ၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်လျက်ရှိသည့် ၄ ခန်းတွဲ ၄ ထပ် ဝန်ထမ်းအိမ်ရာ အဆောက်အဦသစ် တည်ဆောက်မှု ၉၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးလျက်ရှိပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ၆ ခန်းတွဲ ၄ ထပ် ဝန်ထမ်းအိမ်ရာ(၁)လုံး အသစ်ထပ်မံ တည်ဆောက်ရေးအတွက် ပန္နက်တင် မင်္ဂလာအခမ်းအနားကို မေလ ၉ ရက်နေ့ နံနက် ၈ နာရီက အဆိုပါ ဆေးရုံဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေး၊ အမှတ်(၁)ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်၊ အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွေးတင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထွန်းဝင်း တို့က မင်္ဂလာ ပန္နက်တိုင်ကို ရိုက်သွင်းပေးခဲ့ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။ ထို့နောက် ရွှေနှင်းပွင့်ကုမ္ပဏီမှ တာဝန်ရှိများက ဝန်ထမ်းအိမ်ရာအသစ် တည်ဆောက်မည့် ပုံစံငယ်အား ရှင်းလင်းပြောကြားခဲ့သည်။

 

ယခုတည်ဆောက်မည့် အာစီ ၆ ခန်းတွဲ ၄ ထပ် ဝန်ထမ်းအိမ်ရာ(၁)လုံးကို  ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေကျပ်(၅၅၇ ဒသမ ၇၆၀)သန်းဖြင့် ရွှေနှင်းပွင့် ကုမ္ပဏီမှ  တာဝန်ယူတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ထို့အတူ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ငွေကျပ် (၃၆၄ ဒသမ ၇၅)သန်းဖြင့် Glorious Royal Rangoon မှ  တာဝန်ယူ တည်ဆောက်လျက်ရှိသည့်  ၄ ခန်းတွဲ ၄ ထပ် ဝန်ထမ်းအိမ်ရာ(၁)လုံးမှာ  ၉၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေကို လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပြောကြားခဲ့ကြောင်း သိရှိရသည်။

သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)