ပျော်ဘွယ် ၁၀ မေ
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ရမည်းသင်းခရိုင် လူငယ်ရေးကော်မတီမှဦးဆောင်ကာ ဈေးသည် ဈေးဝယ်များအား Mask Campaign ပြုလုပ်ခြင်းကို မေလ (၁၀)ရက်၊ နံနက်(၉)နာရီက ပျော်ဘွယ်မြို့၊ ပြည်သူ့ဈေးနှင့် ယာယီဖွင့်လှစ်ထားသည့် လွတ်လပ်ရေးကျောက်တိုင်ကွင်းရှိ ကုန်စိမ်းဈေးတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရမည်းသင်းခရိုင် လူငယ်ရေးရာကော်မတီအတွင်းရေးမှူး ကိုအောင်သူကျော်က ပြည်သူတွေအနေနဲ့ နှာခေါင်းစည်း တပ်ဆင်မှသာ ကိုဗစ်-၁၉ ရောဂါကို တစ်ဖက်တစ်လမ်းမှ ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း၊ ကျွန်တော်တို့အနေနဲ့ ပြည်သူတွေကို နှာခေါင်းစည်းမျှဝေတာ မဟုတ်ပါဘူး၊ နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာပေးခြင်း ဖြစ်ပါတယ်။ ယနေ့မှာတော့ အပြင်ထွက်လာသူတွေထဲက နှာခေါင်းစည်း မပါတဲ့သူတွေကို မျှဝေပေးပြီး နှာခေါင်းစည်းပါလျက်နှင့် စနစ်တကျမတပ်ဆင်သူတွေကို အသိပညာပေးခြင်း ဖြစ်ပါတယ် ဟု ပြောသည်။
နှာခေါင်းစည်းမပါတဲ့သူတွေကို ဖြန့်ဝေပေးနိုင်ရန် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီရဲ့ ထောက်ပံ့မှု၊ ရမည်းသင်းခရိုင် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌရဲ့ထောက်ပံ့မှု၊ စုစုပေါင်းနှာခေါင်းစည်း (၁၀၀၀)ကျော်ဖြင့် ရမည်းသင်းမြို့ရှိ ပြည်သူ့ဈေးနှင့် သိမ်ကုန်းစံပြကျေးရွာဈေး၊ ပျော်ဘွယ်မြို့နယ်ရှိ ပြည်သူ့ဈေးနှင့် ယင်းတော် ကျေးရွာဈေးတို့တွင် ဆောင်ရွက်သွားလျက်ရှိကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)


